ယူနန် ကော်ဖီလုပ်ငန်းသည် ယွမ်ဘီလီယံ ၁၀၀ တန်ဖိုးရှိ ကုန်ထုတ်လုပ်မှုပမာဏဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်နေ

ယူနန် ကော်ဖီလုပ်ငန်းသည် ယွမ်ဘီလီယံ ၁၀၀ တန်ဖိုးရှိ ကုန်ထုတ်လုပ်မှုပမာဏဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်နေပြီ ဖြစ်ပါသည်။ ၂၀၂၅ ခုနှစ်မှစတင်ကာ ကူမင်းမြို့ရှိ ကော်ဖီဆိုင် အရေအတွက်သည် သိသာထင်ရှားစွာ တိုးပွားလာခဲ့ပြီး လက်ရှိတွင် တစ်မြို့လုံး၌ ကော်ဖီ လုပ်ကိုင်သည့် စီးပွားရေးအဖွဲ့အစည်း ၂၄၀၀ ကျော်နှင့် အမှတ်တံဆိပ် ၂၀၀ ကျော် ရှိကာ စားသုံးမှု ပမာဏမှာ နှစ်စဉ် ပျမ်းမျှ ၃၀% ကျော် တိုးတက်လာခဲ့ပါသည်။ ဆိုင်ခွဲများ ရုတ်တရက် တိုးပွားလာမှုသည် ကော်ဖီ ထောက်ပံ့ပို့ဆောင်ရေး ကွင်းဆက်၏ အရေးပါသော ကွင်းဆက်တစ်ခုကို ဖြည့်ဆည်းပေးနေပြီး ယွမ်ဘီလီယံ ၁၀၀ တန်ဖိုးရှိ ထွက်ကုန်ပမာဏဆီသို့ ဦးတည်နေသော လုပ်ငန်းအတွက် စားသုံးမှု အခြေခံအုတ်မြစ် ပံ့ပိုးမှုကို ဖြစ်ပေါ်စေခဲ့ပါသည်။
ဆိုင်ခွဲများ ရုတ်တရက် တိုးပွားလာမှုသည် စားသုံးမှု စက်ဝိုင်းကို ချဲ့ထွင်ပေးခဲ့ပါသည်။ ၂၀၂၆ ခုနှစ် ဇူလိုင်လအထိ အချက်အလက်များအရ ရုဣင် (Luckin Coffee) တစ်ခုတည်းအနေဖြင့် ယူနန်ပြည်နယ်အတွင်းရှိ ဆိုင်အရေအတွက်သည် ၇၄၆ ဆိုင်အထိ ရှိလာခဲ့ပြီး လုပ်ငန်းနယ်ပယ်သည် ကူမင်းမြို့၏ အဓိက စီးပွားရေး စက်ဝိုင်းများမှသည် ခရိုင်မြို့နယ် လမ်းမများနှင့် ခရီးသွား ဧည့်သည် နားနေစခန်းများအထိ ပျံ့နှံ့ရောက်ရှိသွားခဲ့ပါသည်။ ကူမင်းမြို့ ကျွေ့ဟူ (Cuihu) ရေကန် ပတ်ဝန်းကျင်တွင် အရည်အသွေးမြင့် ကော်ဖီဆိုင် ၁၀၀ ခန့် စုဝေးရောက်ရှိနေကြပြီး "ကျွေ့ဟူသို့ ကော်ဖီသွားသောက်ခြင်း" သည် ကူမင်းမြို့သားများ၏ လူနေမှုဘဝ ပုံစံတစ်ခု ဖြစ်လာခဲ့ပါသည်။ တောင်ပိုင်း ယူနန်ရှိ မုံဇီမြို့တွင် လူဦးရေ ၆ သိန်းရှိသော ဤမြို့ငယ်လေး၌ ကော်ဖီဆိုင် အရေအတွက်သည် ၂၀၀ ကျော်အထိ ဖွံ့ဖြိုးတိုးတက်လာခဲ့ပြီး လူဦးရေ ၃၀၀၀ လျှင် ကော်ဖီဆိုင် တစ်ဆိုင်ရှိကာ ၎င်း၏ သိပ်သည်းဆသည် ပြည်နယ်မြို့တော် အများအပြားထက် မလျော့နည်းလှပေ။
စိုက်ပျိုးထုတ်လုပ်သည့် ဒေသများ၏ ပြောင်းလဲမှု - ကော်ဖီစိုက် တောင်သူများသည် ဝယ်ယူသူများကို စတင် ရွေးချယ်လာကြပြီ ဖြစ်ပါသည်။ မင်းလျန်ခရိုင်တွင် လွန်ခဲ့သော နှစ်အနည်းငယ်က ကော်ဖီစိုက် တောင်သူများသည် ကော်ဖီစေ့များကို ရောင်းချနိုင်ရန်အတွက် ဝယ်ယူရေးစခန်းရှေ့တွင် ၄၊ ၅ ရက်တိတိ တန်းစီစောင့်ဆိုင်းခဲ့ကြရပါသည်။ ယခုအခါတွင်မူ အခြေအနေမှာ ပြောင်းပြန် ဖြစ်သွားခဲ့ပြီဖြစ်ပြီး ကော်ဖီစေ့များကို မခူးဆွတ်ရသေးမီကပင် စိုက်ခင်းများဆီသို့ လာရောက်ကာ ဝယ်ယူလိုကြောင်း ပြောကြားကြသူများ ရှိလာပြီး ကော်ဖီစိုက် တောင်သူများသည်လည်း ဝယ်ယူသူများကို စတင် ရွေးချယ်လာကြပြီ ဖြစ်ပါသည်။ ၂၀၂၅/၂၀၂၆ ကော်ဖီထွက်ရှိသည့် ရာသီတွင် မင်းလျန်ခရိုင်၏ ကော်ဖီ အရည်အသွေးမြင့် ရာခိုင်နှုန်းသည် ၇၃% အထိ ရှိလာခဲ့ပြီး တစ်ပြည်နယ်လုံးတွင် လေးနှစ်ဆက်တိုက် အဆင့်(၁)နေရာ၌ ရပ်တည်နေခဲ့ပါသည်။ လင်ချန်းမြို့တွင် ဂုံရှာ ခြံဝင်းမှ ရိုးရာရေစစ်ဖြင့် ပြုလုပ်ထားသော ဂေးရှာ (Geisha) အမျိုးအစား ကော်ဖီတစ်မျိုးသည် ၂၀၂၆ ခုနှစ် ယူနန် ကော်ဖီ အစိမ်းစေ့ ပြိုင်ပွဲတွင် ၉၁.၇၈ မှတ်ဖြင့် ပထမဆုကို ရရှိခဲ့ပြီး အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းမှာ တစ်ကီလိုဂရမ်လျှင် ယွမ် ၁၄၀၀၀ ရှိကာ တရုတ်နိုင်ငံ၏ ကော်ဖီအစိမ်းစေ့ အရောင်းအဝယ် စံချိန်သစ်ကို တင်နိုင်ခဲ့ပါသည်။
တင်ပို့သည့် အချက်အလက်များက တည်ဆောက်ပုံဆိုင်ရာ ပြောင်းလဲမှုကို အတည်ပြုပေးနေပါသည်။ ၂၀၂၆ ခုနှစ် ပထမနှစ်ဝက်တွင် ယူနန်ပြည်နယ်သည် ကော်ဖီတန်ချိန် ၈၂၈၂ တန် တင်ပို့ခဲ့ပြီး တန်ဖိုးအားဖြင့် ယွမ် ၃.၄ ဘီလီယံ ရှိကာ နှစ်ခုစလုံးသည် တစ်နိုင်ငံလုံးတွင် အမြင့်ဆုံးနေရာ၌ ရပ်တည်နေပြီး ထွက်ကုန်များကို နိုင်ငံနှင့် ဒေသ ၄၀ သို့ တင်ပို့ရောင်းချလျက် ရှိပါသည်။ စစ်မောင်း အကောက်ခွန်၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တင်ပို့ခဲ့သော ဖူအော် ကော်ဖီစေ့များတွင် ပထမတန်းစား ကော်ဖီစေ့ ရာခိုင်နှုန်းမှာ ၉၀% ကျော် ရှိပါသည်။ ယခင်က ယူနန် ကော်ဖီစေ့ တင်ပို့မှုသည် စီးပွားရေးအဆင့်ကို အဓိကထားကာ ပမာဏကို အခြေခံခဲ့ကြရာမှ ယခုအခါ ပထမတန်းစား ကော်ဖီစေ့များသည် တင်ပို့မှု၏ အဓိက မဏ္ဍိုင် ဖြစ်လာခဲ့ပြီး ၎င်းက ထုတ်လုပ်သည့် ဒေသများ၏ အဆင့်သတ်မှတ်နိုင်စွမ်းနှင့် ပြုပြင်ထုတ်လုပ်မှု အဆင့်အတန်းသည် အဓိက အတားအဆီးကို ဖြတ်ကျော်နိုင်ခဲ့ပြီ ဖြစ်ကြောင်း ကိုယ်စားပြုနေပါသည်။
ကော်ဖီ ထုတ်လုပ်မှုကွင်းဆက်သည် အဆက်မပြတ် အားကောင်းလာခဲ့ပါသည်။ ယူနန်ပြည်နယ်တွင် ကူမင်း၊ ပေါက်ရှန်း၊ ဖူအော်၊ တယ်ဟုန် ဟူသော အရည်အသွေးမြင့် ကုန်ချောထုတ်လုပ်ရေး စုဝေးရာ ဒေသကြီး ၄ ခုကို ဖွဲ့စည်းထားပြီး အရည်အသွးမြင့် ကုန်ချောထုတ်လုပ်ရေး လုပ်ငန်း ၁၂၀ ကျော်ကို စုစည်းထားကာ ကော်ဖီ အရည်အသွးမြင့် ကုန်ချောထုတ်လုပ်ရေး စွမ်းဆောင်ရည်မှာ တန်ချိန် ၁ သိန်း နီးပါး ရှိပြီး တစ်နိုင်ငံလုံး ၃၀% ကို ကိုယ်စားပြုကာ အရည်အသွးမြင့် ကုန်ချောထုတ်လုပ်ရေး ရာခိုင်နှုန်းမှာ ၂၀၂၁ ခုနှစ်၏ ၂၀% မှ ၈၅% သို့ တိုးတက်လာခဲ့ပါသည်။ "ဖူအော် ကော်ဖီ" ပထဝီဝင် အမှတ်အသား အမှတ်တံဆိပ်၏ တန်ဖိုးမှာ ယွမ် ၄၀.၇၄ ဘီလီယံ ရှိပြီး "ပေါက်ရှန်း အစေ့သေး ကော်ဖီ" ကို တရုတ်-ဥရောပ ပထဝီဝင် အမှတ်အသား အပြန်အလှန် အသိအမှတ်ပြု ကာကွယ်ရေး စာရင်းသွင်းနေရာတွင် ထည့်သွင်းခြင်း ခံခဲ့ရပါသည်။ တစ်ပြည်နယ်လုံးတွင် အရည်အသွးမြင့် ကော်ဖီခြံဝင်း ၆၀ နီးပါးကို တည်ဆောက်ခဲ့ပြီး အဓိက ခရီးသွား လမ်းကြောင်း ၁၀ ခုကို ထုတ်ပြန်ခဲ့ကာ နှစ်စဉ် ခရီးသွား ဧည့်သည် တစ်သန်းကျော်ကို ယူနန်ပြည်နယ်သို့ ခရီးသွားရောက်ရန်နှင့် အခြေချ နေထိုင်ရန် ဆွဲဆောင်လျက်ရှိပါသည်။
လက်ရှိတွင် ရှန်ဟိုင်း၊ ပေကျင်းနှင့် ကွမ်တုန်းပြည်နယ်တို့ရှိ အရည်အသွးမြင့် ကော်ဖီဆိုင်များတွင် ယူနန် ကော်ဖီစေ့များ ဖုံးလွှမ်းနိုင်မှု ရာခိုင်နှုန်းသည် အသီးသီး ၉၀% ၊ ၈၀% နှင့် ၇၀% အသီးသီး ရှိနေကြသော်လည်း ပြည်တွင်း စားသုံးမှု လိုအပ်ချက် တန်ချိန် ၃ သိန်း ၇ သောင်းနှင့် နှိုင်းယှဉ်ပါက တန်ချိန် ၂ သိန်း နီးပါး လိုအပ်ချက် လျော့နည်းနေဆဲ ဖြစ်ပါသည်။ ယူနန်ပြည်နယ် စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသရေးရာဌာန တာဝန်ရှိ ပုဂ္ဂိုလ်တစ်ဦး၏ ပြောကြားချက်အရ ယူနန် ကော်ဖီလုပ်ငန်းသည် အရည်အသွေး မြင့်မားရေး၊ ပမာဏ ချဲ့ထွင်ရေးနှင့် ထိရောက်မှု တိုးမြှင့်ရေး၊ နိုင်ငံတကာ အဆင့်မီ ဖွံ့ဖြိုးတိုးတက်ရေး၏ ရွှေရောင်ကာလတွင် တည်ရှိနေပြီး ပြည့်စုံသော ထုတ်လုပ်မှုကွင်းဆက် တစ်ခုလုံး၏ ဖွံ့ဖြိုးတိုးတက်မှုသည် ကြီးမားသော တိုးတက်မှု အလားအလာကို ပိုင်ဆိုင်ထားကြောင်း သိရှိရပါသည်။