"လန်ချန်း-မဲခေါင် ခရီးစဥ်"လှုပ်ရှားမှုအစီအစဥ် ဆွေးနွေးပွဲကို တာ့လီတွင် ကျင်းပ
၂၀၂၆ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့တွင် “လန်ချန်း-မဲခေါင် ခရီးစဥ်” လှုပ်ရှားမှုအစီစဥ်ဆွေးနွေးပွဲကို တာ့လီပိုင်တိုင်းရင်းသားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ တာ့လီမြို့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသည် နယ်စပ်ဖြတ်ကျော် ရေအရင်းအမြစ် လုံခြုံရေးအာမခံချက်၊ ရေကြောင်းဆိုင်ရာ အချက်အလက် မျှဝေခြင်း၊ ရေကြီးခြင်းနှင့် မိုးခေါင်ခြင်းအန္တရာယ်များကို ပူးတွဲကာကွယ်ထိန်းချုပ်ခြင်း၊ မြစ်ဝှမ်းဒေသ ဂေဟစနစ် ကာကွယ်ရေးနှင့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှု စသည့်အကြောင်းအရာများကို အဓိကထား ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ခဲ့ကြပြီး လန်ချန်း-မဲခေါင် မြစ်ဝှမ်းဒေသ ကံကြမ္မာတူ အသိုက်အဝန်း တည်ဆောက်ရေးဆိုင်ရာ ရေနှင့်ဆိုင်သော ပူးပေါင်းဆောင်ရွက်မှု အခြေခံအုတ်မြစ်ကို ခိုင်မာစေခဲ့ပါသည်။

လန်ချန်းမြစ်-မဲခေါင်မြစ် ပူးပေါင်းဆောင်ရွက်ရေးယန္တရားသည် နှစ်ပေါင်းများစွာ နက်ရှိုင်းစွာ လုပ်ဆောင်ခဲ့မှုများအရ ဒေသတွင်း ဘက်စုံပူးပေါင်းဆောင်ရွက်ရေးအတွက် အသက်ဝင်လှုပ်ရှားမှုရှိသော ပလက်ဖောင်းတစ်ခု ဖြစ်လာခဲ့ပြီဖြစ်ပါသည်။ အစည်းအဝေးတွင် နိုင်ငံခြားရေးဝန်ကြီးဌာန နယ်စပ်နှင့် ပင်လယ်ရေကြောင်းရေးရာဌာနမှ သက်ဆိုင်ရာ တာဝန်ရှိသူက တရုတ်နိုင်ငံအနေဖြင့် လန်ချန်းမြစ်-မဲခေါင်မြစ် အထက်ပိုင်း နိုင်ငံတစ်ခုအနေဖြင့် အတူတကွ တိုင်ပင်ဆွေးနွေးခြင်း၊ အတူတကွ တည်ဆောက်ခြင်းနှင့် အတူတကွ မျှဝေခံစားခြင်း ဆိုသည့်မူဝါဒကို အမြဲတမ်းစွဲကိုင်ထားပြီး လန်ချန်း-မဲခေါင် ကံကြမ္မာတူ အသိုက်အဝန်း အယူအဆကို ကျင့်သုံးကာ ရေကြောင်းဆိုင်ရာ အချက်အလက်မျှဝေရေးပလက်ဖောင်းကို ဆက်လက်တည်ဆောက် အဆင့်မြှင့်တင်လျက်ရှိပြီး မြစ်ဝှမ်းဒေသအောက်ပိုင်းနိုင်ငံများသို့ ရေကြောင်းဆိုင်ရာ စောင့်ကြည့်စစ်ဆေးမှုအချက်အလက်များကို အချိန်နှင့်တပြေးညီ ပံ့ပိုးပေးကာ ကမ်းရိုးတန်းနိုင်ငံများအနေဖြင့် ရေကြီးရေလျှံမှု စသည့်သဘာဝဘေးအန္တရာယ်များကို ကာကွယ်ရန်နှင့် ဘေးအန္တရာယ်ကာကွယ်ရေးနှင့် လျှော့ချရေးစွမ်းဆောင်ရည်ကို မြှင့်တင်ရန်အတွက် အားကောင်းသော ထောက်ပံ့မှုကို ပံ့ပိုးပေးလျက်ရှိပြီး လန်ချန်း-မဲခေါင်နိုင်ငံများနှင့်အတူ မူဝါဒဖလှယ်မှု၊ အတွေ့အကြုံအပြန်အလှန်လေ့လာမှုနှင့် နည်းပညာဖလှယ်မှုများကို နက်ရှိုင်းစေကာ နယ်စပ်ဖြတ်ကျော် မြစ်ဝှမ်းဒေသ ရေအရင်းအမြစ်များကို အတူတကွစောင့်ရှောက်လိုကြောင်း ပြောကြားခဲ့ပါသည်။

တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံရုံး စီးပွားရေးသံမှူးဒေါ်ခင်စန္ဒာဝင်း ပြောကြားနေစဥ်။
လာအို၊ မြန်မာ၊ ထိုင်း၊ ဗီယက်နမ် စသည့်လန်ချန်း-မဲခေါင် မြစ်ဝှမ်းနိုင်ငံများမှ တရုတ်နိုင်ငံဆိုင်ရာ သံတမန် အများအပြားက တရုတ်နိုင်ငံဘက်မှ ရေအရင်းအမြစ်နယ်ပယ်တွင် ကာလရှည်ကြာ ပံ့ပိုးပေးခဲ့မှုများအတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ကြပြီး ရေအရင်းအမြစ် လုံခြုံရေးသည် နိုင်ငံအသီးသီး ဖွံ့ဖြိုးတိုးတက်ရေး အကျိုးစီးပွားနှင့် ပြည်သူ့အရေးကိစ္စ အကျိုးခံစားခွင့်တို့နှင့် သက်ဆိုင်နေကြောင်း ဘက်အသီးသီးက တညီတညွတ်တည်း ယူဆခဲ့ကြပါသည်။ ရာသီဥတု ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာသည့် မိုးခေါင်ရေရှားမှုနှင့် ရေကြီးရေလျှံမှု မကြာခဏဖြစ်ပွားခြင်း၊ ရေအရည်အသွေးကာကွယ်ရေး စသည့်ဘုံစိန်ခေါ်မှုများကို ရင်ဆိုင်ရာတွင် ဘက်အသီးသီးက ရေကြောင်းဆိုင်ရာအချက်အလက် အပြန်အလှန်ဖလှယ်မှုကို ပိုမို အားကောင်းစေရန်၊ ရေအရင်းအမြစ် စီမံခန့်ခွဲမှု အတွေ့အကြုံဖလှယ်မှုများကို လုပ်ဆောင်ရန်၊ ပူးတွဲ အန္တရာယ်အကဲဖြတ်မှုနှင့် ရေဆိုင်ရာ အရေးပေါ်အဖြစ်အပျက်များ ပူးတွဲကိုင်တွယ်ဖြေရှင်းရေး ယန္တရားကို ပြီးပြည့်စုံအောင် လုပ်ဆောင်ရန်၊ ရေညစ်ညမ်းမှု ကာကွယ်တားဆီးရေးနှင့် ထိန်းချုပ်ရေး၊ ပူးတွဲသိပ္ပံသုတေသန စသည့်နယ်ပယ်များတွင် လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေးရန်၊ နယ်စပ်ဖြတ်ကျော် မြစ်ဝှမ်းဒေသ ဂေဟစနစ်ပတ်ဝန်းကျင်ကို လက်တွဲကာကွယ်စောင့်ရှောက်ရန်နှင့် မြစ်ဝှမ်းဒေသ ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုကို အကောင်အထည်ဖော်ရန် မျှော်လင့်နေကြပါသည်။