တရုတ်-ဗီယက်နမ် နယ်စပ်စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ခရီးသွား ကုန်စည်ပြပွဲနှင့် ပူးပေါင်းဆောင်ရွက်ရေး ရက်သတ္တပတ်လှုပ်ရှားမှုများကို ဟယ်ခိုတွင် ကျင်းပ

နိုဝင်ဘာလ ၈ ရက်နေ့တွင် ၂၀၂၆ ခုနှစ် တရုတ်-ဗီယက်နမ် (ဟုန်ဟေ) နယ်စပ် စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ခရီးသွားလာရေး ကုန်စည်ပြပွဲနှင့် ၂၀၂၆ ခုနှစ် ဟုန်ဟေ မြစ်ဝှမ်းဒေသ တရုတ်-ဗီယက်နမ် ပူးပေါင်းဆောင်ရွက်ရေး ရက်သတ္တပတ်တို့ကို ဟယ်ခိုယောင်တိုင်းရင်းသားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင် နိုင်ငံတကာကုန်စည်ပြပွဲနှင့် ညီလာခံစင်တာတွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။ အဆိုပါ အစီအစဥ် လှုပ်ရှားမှုသည် "ပွဲတော်နှစ်ရပ်ကို အတူတကွ ပူးတွဲကျင်းပခြင်း"ပုံစံကို အသုံးပြုခဲ့ပြီး ထိပ်သီးဆွေးနွေးပွဲများဖြင့် ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်များကို စုစည်းရန်၊ စီးပွားရေးနှင့် ကုန်သွယ်ရေး ချိတ်ဆက်မှုဖြင့် ထုတ်လုပ်မှုပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေးရန်နှင့် ပြည်သူအချင်းချင်း ယဉ်ကျေးမှုဖလှယ်ခြင်းဖြင့် ပြည်သူအချင်းချင်း ချစ်ကြည်ရေးကို အမြစ်တွယ်စေရန် ရည်ရွယ်ကာ ဟုန်ဟေမြစ်ဝှမ်းဒေသ ဒေသဆိုင်ရာ ဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုမြင့်မားသော အဆင့်အတန်းဆီသို့ တက်လှမ်းရန် လက်တွဲတွန်းအားပေးသွားမည် ဖြစ်ပါသည်။
ယခုအကြိမ် နယ်စပ် စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ခရီးသွား ကုန်စည်ပြပွဲသည် ၆ ရက် ကြာမြင့်မည်ဖြစ်ပြီး "ဖွံ့ဖြိုးတိုးတက်မှုများကို မျှဝေခံစားရေး၊ ပူးပေါင်းဆောင်ရွက်ပြီး အပြန်အလှန် အကျိုးရရှိရေး"ကို အဓိက ခေါင်းစဉ်အဖြစ် အသုံးပြုထားကာ ဟုန်ဟေ ဟာနီနှင့် ယီတိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ ပြည်သူ့အစိုးရ၊ ဗီယက်နမ် စက်မှုနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ကုန်သွယ်မှု မြှင့်တင်ရေး ဌာန၊ ဗီယက်နမ် လောက်ကိုင် ပြည်နယ် ပြည်သူ့ကော်မတီတို့က ပူးတွဲဦးစီးကျင်းပကြပြီး ဇင်ဖိန် မြောင်၊ ယောင်နှင့် တိုင်တိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင်တွင် ပြပွဲခွဲရုံး ထားရှိကာ တစ်ပြိုင်နက်တည်း ကျင်းပခဲ့ကြပါသည်။ ပြပွဲတွင် တရုတ် ပြခန်း၊ ဗီယက်နမ် ပြခန်းနှင့် အထူးပြုပြခန်းဇုန် အများအပြားကို စီစဉ်ထားရှိပြီး တရုတ်နှင့် ဗီယက်နမ် နှစ်ဖက်စလုံး၏ ဆွဲဆောင်မှုရှိသော ဒေသထွက်ကုန်များနှင့် ထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေး ရလဒ်များကို စုစည်း ပြသထားပါသည်။
တစ်ပြိုင်နက်တည်း ကျင်းပသည့် ပူးပေါင်းဆောင်ရွက်ရေး ရက်သတ္တပတ်ကို "မြစ်တစ်စင်းဖြင့် ချိတ်ဆက်ခြင်း · ပူးပေါင်းဆောင်ရွက်ပြီး အပြန်အလှန် အကျိုးရရှိခြင်း" ဟူသော ခေါင်းစဉ်ဖြင့် ကျင်းပခဲ့ပြီး ဟုန်ဟေပြည်နယ်ခွဲ ပြည်သူ့အစိုးရ၊ ဗီယက်နမ် လောက်ကိုင်ပြည်နယ် ပြည်သူ့ကော်မတီ၊ ဗီယက်နမ် သမ္မတနိုင်ငံ ကူမင်းမြို့ဆိုင်ရာ ကောင်စစ်ဝန်ချုပ်ရုံးတို့က ပူးတွဲဦးစီးကျင်းပခဲ့ခြင်း ဖြစ်ပါသည်။ လှုပ်ရှားမှုကာလအတွင်း ဟုန်ဟေ မြစ်ဝှမ်းဒေသ တရုတ်-ဗီယက်နမ် ဒေသဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးပွဲကို ကျင်းပမည်ဖြစ်ပြီး ကူးသန်းရောင်းဝယ်ရေးနှင့် ထောက်ပံ့ပို့ဆောင်ရေး၊ ဇုန်ပူးပေါင်းဆောင်ရွက်ရေး၊ နယ်စပ်ဖြတ်ကျော် ခရီးသွားလာရေး၊ မီဒီယာ ဖလှယ်ရေး၊ အသက်မွေးဝမ်းကျောင်းပညာရေး စသည့်နယ်ပယ်များတွင် ဖလှယ်ရေးလှုပ်ရှားမှုများကို ပြုလုပ်သွားမည်ဖြစ်ပြီး စီးပွားရေး ကုန်သွယ်ရေး၊ ထုတ်လုပ်မှုနှင့် ပြည်သူ့အချင်းချင်း နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေရန် တွန်းအားပေးသွားမည် ဖြစ်ပါသည်။