တရုတ်အလုပ်သမားနှင့် တောင်သူလယ်သမားများ တော်လှန်ရေး တပ်နီတော်၏ ခရီးရှည် ချီတက်ပွဲ အောင်မြင်ခဲ့သည့် နှစ် ၉၀ ပြည့် အထိမ်းအမှတ် အခမ်းအနားသို့ ရှီကျင့်ဖိန်တက်ရောက် အရေးကြီးမိန့်ခွန်း ပြောကြား

တရုတ် အလုပ်သမားနှင့် တောင်သူလယ်သမားများ တော်လှန်ရေး တပ်နီတော်၏ ခရီးရှည် ချီတက်ပွဲ အောင်မြင်ခဲ့သည့် နှစ် ၉၀ ပြည့် အထိမ်းအမှတ် အခမ်းအနားကို ၂၂ ရက်နေ့ နံနက်ပိုင်းက ပေကျင်း ပြည်သူ့ ခန်းမဆောင်ကြီး၌ ကြီးကျယ်ခမ်းနားစွာ ကျင်းပခဲ့ကြောင်း၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး၊ နိုင်ငံတော်သမ္မတ၊ ဗဟို စစ်ရေးကော်မရှင် ဥက္ကဋ္ဌရှီကျင့်ဖိန်သည် အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး အရေးကြီး မိန့်ခွန်းပြောကြားရာတွင် သမိုင်းကို အမှတ်ရမှသာ အနာဂတ်ကို ဖန်တီးနိုင်ကြောင်း၊ ပါတီ ဗဟိုကော်မတီ၏ ဦးဆောင်မှု အောက်တွင် ပါတီတစ်ခုလုံး၊ တပ်မတော် တစ်ခုလုံး၊ တစ်ပြည်လုံးရှိ တိုင်းရင်းသားလူမျိုးစု အားလုံးမှ ပြည်သူများသည် ပိုမိုရင်းနှီးစွာ စည်းလုံးညီညွတ်ပြီး မွန်မြတ်သော ခရီးရှည် ချီတက်ပွဲ စိတ်ဓာတ်ကို အင်တိုက်အားတိုက် ပြန့်ပွားစေကာ ဆက်လက် အားထုတ်ကြိုးပမ်း၍ အခက်အခဲများကို ကျော်လွှားပြီး ရှေ့ပြေး တော်လှန်ရေး သမားများ ဖွင့်လှစ်ဖန်တီးခဲ့သော မွန်မြတ်သည့် အရေးတော်ပုံကို ရှေ့သို့ ချီတက်စေရန် အဆက်မပြတ် တွန်းအားပေးကာ ခရီးရှည် ချီတက်ပွဲသစ်၏ လမ်းကြောင်းပေါ်တွင် ထွန်းကားသော အောင်မြင်မှုသစ်များကို ဖန်တီးရန် ကြိုးပမ်းဆောင်ရွက်ရမည် ဖြစ်ကြောင်း အလေးထား ပြောကြားခဲ့သည်။ အခမ်းအနားသို့ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့ အမြဲတမ်းကော်မတီဝင် Li Qiang၊ Zhao Leji၊ Wang Huning၊ Cai Qi၊ Ding Xuexiang နှင့် Li Xi တို့အပြင် တရုတ်နိုင်ငံ ဒုတိယသမ္မတ Han Zheng တို့လည်း တက်ရောက်ခဲ့ကြောင်း သတင်းအရ သိရသည်။
ရှီကျင့်ဖိန်က ၁၉၃၄ ခုနှစ် အောက်တိုဘာလမှ ၁၉၃၆ ခုနှစ် အောက်တိုဘာလ အထိ တရုတ် ကွန်မြူနစ်ပါတီသည် တပ်နီတော်များကို ဦးဆောင်ပြီး ကမ္ဘာကြီးကို တုန်လှုပ်စေကာ သမိုင်းဝင် ဂုဏ်ရောင်ပြောင်မြောက်သော ခရီးရှည် ချီတက်ပွဲကို ဆောင်ရွက်ခဲ့ကြောင်း၊ တပ်နီတော်များသည် ပြည်နယ် ၁၀ ခုကျော်ကို ဖြတ်ကျော်ပြီး တရုတ်မိုင် ၂၅၀၀၀ ကျော် ခရီးနှင်ကာ တရုတ်တော်လှန်ရေး အခြေအနေသစ်ကို အောင်မြင်စွာ ဖွင့်လှစ်ခဲ့ကြောင်း၊ ယင်း မွန်မြတ်သော ဆောင်ရွက်ချက်သည် တရုတ်ကွန်မြူနစ်ပါတီ၊ နိုင်ငံတော်နှင့် တပ်မတော် သမိုင်းများတွင် မြင့်မြတ်ပြီး အရေးကြီးသည့် အနက်အဓိပ္ပါယ်ရှိကာ မွန်မြတ်သော တရုတ် အမျိုးသား ပြန်လည်ရှင်သန်ရေးဖြစ်စဉ်အပေါ် နက်နဲရှည်ကြာသော သက်ရောက်မှုရှိကြောင်း ထောက်ပြခဲ့သည်။
ရှီကျင့်ဖိန်က ထို့သို့ ကြိုးပမ်းအားထုတ်ခဲ့သည့် ဉာဏ်ပညာနှင့် အင်အားများကို ရယူရန် အတွက် သမိုင်းကြောင်းကို ပြန်ပြောင်းသတိရခြင်းဖြစ်ကြောင်း၊ တပ်နီတော်သည် မွန်မြတ်သော ခရီးရှည် ချီတက်ပွဲ စိတ်ဓာတ်ကို ဖန်တီးခဲ့ကြောင်း၊ ၄င်းစိတ်ဓာတ်ကို ပြန့်ပွား စေရန်နှင့် ခရီးရှည် ချီတက်ပွဲသစ် လမ်းကြောင်းပေါ် ကောင်းမွန်စွာ လျှောက်လှမ်းနိုင်ရန် အတွက် ပါတီ၏ ရည်မှန်းချက်နှင့် ယုံကြည်စိတ်ကို စွဲကိုင်ထားပြီး ခေတ်သစ်တရုတ် ဝိသေသ ထူးခြားချက်ပါရှိသော ဆိုရှယ်လစ် အတွေးအခေါ်ကို ဘက်စုံကျင့်သုံးဆောင်ရွက် ကာ မူလရည်မှန်းချက်နှင့် တာဝန်များကို မှတ်သားထား၍ ပြည်သူများ အပေါ် မှီခိုအားထား ပြီး ကြီးမြတ်သော အောင်မြင်မှုသစ်များရရှိရန် အတွက် ကြိုးပမ်းဆောင်ရွက်ရမည် ဖြစ်ကြောင်း အလေးထား ပြောကြားခဲ့သည်။