အာကာသ "ခရီးဆောင်သေတ္တာ" မှတစ်ဆင့် တရုတ်နိုင်ငံ၏ အာကာသလုပ်ငန်း အနှစ် ၇၀ ခရီးစဉ်ကို လေ့လာသုံးသပ်ခြင်း
ယခုနှစ် အောက်တိုဘာလ ၈ ရက်နေ့သည် တရုတ်နိုင်ငံ၏ အာကာသလုပ်ငန်း စတင်ထူထောင်သည့် အနှစ် ၇၀ ပြည့် အထိမ်းအမှတ်နေ့ ဖြစ်သည်။ ၁၉၅၆ ခုနှစ် အောက်တိုဘာလ ၈ ရက်နေ့တွင် အမျိုးသားကာကွယ်ရေးဝန်ကြီးဌာန၏ ပဉ္စမမြောက် သုတေသနအကယ်ဒမီကို စတင်ဖွဲ့စည်းခဲ့ရာမှ တရုတ်နိုင်ငံ၏ အာကာသလုပ်ငန်း စတင်ခြေလှမ်းခဲ့သည်။ ၁၉၇၀ ပြည့်နှစ် ဧပြီလ ၂၄ ရက်နေ့တွင် တရုတ်နိုင်ငံ၏ ပထမဆုံး ဂြိုဟ်တု "Dongfanghong-1" ကို အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့သည်။ ယနေ့အချိန်တွင် "Tianzhou" ကုန်တင်အာကာသယာဉ်သည် ပစ္စည်းအမျိုးအမည် ရာပေါင်းများစွာကို တင်ဆောင်၍ တရုတ်အာကာသစခန်းသို့ ဦးတည်ပျံသန်းနေပြီး၊ "Chang'e-6" မှ သယ်ဆောင်လာသော လမျက်နှာပြင်၏ ကျောဘက်မှ လမြေသားနမူနာများဆိုင်ရာ သုတေသနပြုချက်များမှလည်း ရလဒ်သစ်များ ဆက်တိုက်ထွက်ပေါ်လျက်ရှိသည်။ ထို့အပြင် နိုင်ငံတကာမှ အာကာသဝန်တင်ပစ္စည်းများ (payload) သည် တရုတ်အာကာသယာဉ်များဖြင့် ဝေးကွာသောအာကာသသို့ သွားရောက်လျက်ရှိသည်။ အစဉ်အမြဲ ဆန်းသစ်ပြင်ဆင်နေသော အာကာသ"ခရီးဆောင်သေတ္တာ"သည် တရုတ်နိုင်ငံ၏ အာကာသယာဉ်ဆိုင်ရာ ကိုယ်ပိုင်တီထွင်ဆန်းသစ်နိုင်စွမ်း မြင့်မားလာမှုကို သက်သေပြနေရုံမျှမက ကမ္ဘာကြီးကို ကြိုဆိုပြီး အာကာသကို ပူးပေါင်းစူးစမ်းရှာဖွေလိုသော သဘောထားကြီးမြတ်မှုကိုလည်း ထင်ဟပ်စေသည်။

အာကာသသို့ ပို့ဆောင်သည့် "ပါဆယ်ထုတ်"များသည် အလေးချိန်သစ်များကို ထမ်းဆောင်ထားသည်။ ၂၀၁၇ ခုနှစ် ဧပြီလတွင် "Tianzhou-1" ၏ ပထမဆုံး ပျံသန်းမှု အောင်မြင်ခဲ့ပြီး တရုတ်နိုင်ငံ၏ အာကာသ ကုန်စည်ပို့ဆောင်ရေး အခန်းကဏ္ဍသစ်ကို ဖွင့်လှစ်ခဲ့သည်။ ယနေ့အချိန်တွင် "Tianzhou" ကုန်တင်အာကာသယာဉ်သည် တင်ဆောင်သည့် ပစ္စည်းအရေအတွက် စံချိန်တင် များပြားလာပြီး အမျိုးအစားများလည်း ပိုမိုစုံလင်လာသည့်အပြင် "နာရီပိုင်းအတွင်း" အရောက်ပို့ဆောင်ပေးနိုင်သည့် ဝန်ဆောင်မှုကိုပါ ရရှိစေခဲ့သည်။ ဆယ်စုနှစ်တစ်ခုအတွင်း ကုန်တင်အာကာသယာဉ် ၁၀ စီးဖြင့် ဆန်းသစ်တီထွင်မှုများကို ဆက်တိုက်ဆောင်ရွက်ခဲ့ရာ တရုတ်နိုင်ငံ၏ အာကာသ"ခရီးဆောင်သေတ္တာ"သည် ပိုမိုတင်ဆောင်နိုင်၊ ပိုမိုမြန်ဆန်စွာ ပို့ဆောင်နိုင်ပြီး ပိုမိုမြင့်မားသော အကွာအဝေးသို့ သယ်ဆောင်နိုင်ခဲ့ပြီ ဖြစ်သည်။
ဝေးကွာသော စကြဝဠာ၏ လျှို့ဝှက်ချက်များကို ကမ္ဘာမြေဆီသို့ ယူဆောင်လာခဲ့သည်။ "Chang'e-6" သည် လူသားသမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် လမျက်နှာပြင်၏ ကျောဘက်မှ နမူနာယူဆောင်ကာ ကမ္ဘာမြေသို့ ပြန်လည်ရောက်ရှိခဲ့သည်။ နမူနာယူဆောင်၍ ထုပ်ပိုးသည့် ထိရောက်သော လုပ်ငန်းချိန်သည် ၁၇ နာရီထက် မကျော်လွန်ရဘဲ လုပ်ငန်းစဉ်တစ်ခုလုံးကို လုပ်ဆောင်ချက်ပေါင်း ၂၀၀၀ ခန့်ဖြင့် အဆင့်ဆင့် အချိတ်အဆက်မိမိ ဆောင်ရွက်ခဲ့ရသည်။ ၂၀၂၄ ခုနှစ် ဇွန်လ ၂၅ ရက်နေ့တွင် "Chang'e-6" ပြန်လည်ရောက်ရှိရေးယာဉ်သည် လမျက်နှာပြင်ကျောဘက်မှ နမူနာ ၁၉၃၅.၃ ဂရမ်ကို သယ်ဆောင်၍ ကမ္ဘာမြေသို့ ပြန်လည်ရောက်ရှိခဲ့သည်။ သုတေသနပြုချက်များအရ လမျက်နှာပြင်ကျောဘက်တွင် သက်တမ်းနုသော မဂ္ဂမာလှုပ်ရှားမှုများ ရှိကြောင်း ဖော်ထုတ်နိုင်ခဲ့သည်။ ယခုနှစ် ဇူလိုင်လတွင် ပြုလုပ်ခဲ့သော သုတေသနသစ်အရ လမျက်နှာပြင်၏ အရှေ့ဘက်နှင့် အနောက်ဘက်တို့တွင် လက်ခံရရှိသည့် နေရောင်ခြည်လေတိုက်ခတ်မှုဆိုင်ရာ အမှုန်များ၏ စွမ်းအင် (Solar wind particle energy) ကွဲပြားမှုရှိကြောင်း ထပ်မံတွေ့ရှိခဲ့သည်။
"ခရီးဆောင်သေတ္တာ" ထဲတွင် ကမ္ဘာ့အမှတ်အသားများ ပါဝင်လာခဲ့သည်။ ၂၀၂၄ ခုနှစ် မေလ ၃ ရက်နေ့တွင် ပါကစ္စတန်နိုင်ငံ၏ CubeSat ဂြိုဟ်တုငယ်သည် "Chang'e-6" နှင့်အတူ လကမ္ဘာသို့ ထွက်ခွာခဲ့ပြီး ပါကစ္စတန်သမိုင်းတွင် ပထမဆုံးအကြိမ် လကမ္ဘာစူးစမ်းလေ့လာရေး တာဝန်ကို စတင်ခဲ့သည်။ လက်ရှိတွင် တရုတ်နိုင်ငံသည် နိုင်ငံပေါင်း ၅၀ ကျော် နိုင်ငံတကာအဖွဲ့အစည်းများနှင့်အတူ ဂြိုဟ်တုသုတေသနထုတ်လုပ်ခြင်း၊ ပစ္စည်းကိရိယာများ ပူးတွဲတင်ဆောင်ခြင်း၊ ဒေတာအချက်အလက် မျှဝေခြင်းစသည့် ပုံစံများဖြင့် လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုများကို နက်ရှိုင်းစွာ ဆောင်ရွက်လျက်ရှိသည်။ နိုင်ငံပေါင်း ၁၇ နိုင်ငံမှ စီမံကိန်း ၉ ခုသည် တရုတ်အာကာသစခန်း၏ ပထမအသုတ် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု သိပ္ပံစမ်းသပ်ချက် စီမံကိန်းများအဖြစ် ရွေးချယ်ခံခဲ့ရပြီး တရုတ်အာကာသစခန်းသည် ပထမဆုံးသော နိုင်ငံခြားသား အာကာသယာဉ်မှူးကိုလည်း ကြိုဆိုလက်ခံသွားမည်ဖြစ်သည်။
ကမ္ဘာ့အဆင့်မီ ပူးပေါင်းဆောင်ရွက်မှုများပေါ်တွင် အခြေခံ၍ တရုတ်နိုင်ငံသည် ပွင့်လင်းသော ပူးပေါင်းဆောင်ရွက်မှုများမှတစ်ဆင့် နိုင်ငံအသီးသီးနှင့်အတူ အာကာသလုပ်ငန်းများကို ပူးတွဲဖွံ့ဖြိုး တိုးတက်စေလျက်ရှိသည်။ ယခုနှစ် မေလတွင် တရုတ်နှင့် ဥရောပတို့ ပူးတွဲဖန်တီးထုတ်လုပ်သော "SMILE" ဂြိုဟ်တုကို အာကာသသို့ လွှတ်တင်ခဲ့သည်။ ဘရာဇီးနိုင်ငံတွင် တရုတ်-ဘရာဇီး ကမ္ဘာမြေအရင်းအမြစ် ဂြိုဟ်တုသည် အပူပိုင်းမိုးသစ်တောများကို ကာကွယ်ပေးလျက်ရှိသည်။ အီဂျစ်နိုင်ငံတွင် "Egypt-2" ဂြိုဟ်တုသည် မြို့ပြစီမံကိန်းများအတွက် ရုပ်ထွက်မြင့်မားသော ဓာတ်ပုံများကို ပံ့ပိုးပေးလျက်ရှိသည်။ တာဂျစ်ကိစ္စတန်နိုင်ငံတွင် Sarez ရေကန်ဆည် တာဝန်ရှိသူများသည် ဆည်၏ ပုံသဏ္ဌာန်ပြောင်းလဲမှုများကို စောင့်ကြည့်စစ်ဆေးရန် BDS ကို အသုံးပြုလျက်ရှိသည်။ တရုတ်နိုင်ငံ၏ အာကာသ "ခရီးဆောင်သေတ္တာ" သည် ပိုမို၍ နိုင်ငံတကာအဆင့်မီလာခဲ့သည်။ အနှစ် ၇၀ မျှ ကောင်းကင်ယံသို့ အိပ်မက်များကို အကောင်အထည်ဖော်ခဲ့ရာတွင် တရုတ်အာကာသလုပ်ငန်းသည် လူမျိုးတစ်မျိုး၏ ကြယ်တာရာများကို မျှော်ကြည့်ခဲ့သည့် အိပ်မက်ကို ကျယ်ပြောလှသော စကြဝဠာဆီသို့ ဦးတည်သည့် ခရီးစဉ်အဖြစ် ရေးထိုးနိုင်ခဲ့ပြီ ဖြစ်ပေသည်။