တရုတ်-လာအို ရထားလမ်း မောင်းတိုင် မှ ဗီယန်ကျင်း မြို့ပြချင်းဆက် ရထား စတင်ပြေးဆွဲ
云南日报|

ဒေသစံတော်ချိန် စက်တင်ဘာလ ၂၈ ရက် နံနက် ၈ နာရီတွင် အမှတ် (C95) ရထားသည် လာအိုနိုင်ငံ မောင်းတိုင်ရထားဘူတာမှ ငြိမ့်ညောင်းချောမွေ့စွာ ထွက်ခွာခဲ့ပြီး တရုတ်-လာအို ရထားလမ်း လာအိုအပိုင်း မောင်းတိုင်မှ ဗီယန်ကျင်း မြို့ပြချင်းဆက် ရထား စတင်ပြေးဆွဲမှုကို အောင်မြင်စွာ မှတ်ကျောက်တင်နိုင်ခဲ့သည်။
တရုတ်-လာအို ရထားလမ်း လာအိုအပိုင်း ပြေးဆွဲမှုကို တာဝန်ယူထားသည့် လာအို-တရုတ် ရထားလမ်း ကုမ္ပဏီလီမိတက်၏ မိတ်ဆက်ပြောကြားချက်အရ အသစ်ဖွင့်လှစ်လိုက်သည့် C95/C96 မြို့ပြချင်းဆက်ရထားသည် မောင်းတိုင်နှင့် ဗီယန်ကျင်းအကြား ထိရောက်ကျယ်ပြန့်သော ရုံးတက်ရုံးဆင်း အသွားအလာ ခရီးသွားလာရေး လမ်းကြောင်းကို တည်ဆောက်ပေးခဲ့သည်။ ထိုအထဲတွင် C95 ရထားသည် ထိုနေ့ နံနက် ၈ နာရီတွင် မောင်းတိုင်ဘူတာမှ စတင်ထွက်ခွာပြီး ၁၁ နာရီ ၄၇ မိနစ်တွင် ဗီယန်ကျင်းဘူတာသို့ ရောက်ရှိကာ C96 ရထားသည် ထိုနေ့ မွန်းလွဲ ၂ နာရီ ၀၅ မိနစ်တွင် ဗီယန်ကျင်းဘူတာမှ ထွက်ခွာ၍ ညနေ ၆ နာရီ ၃၂ မိနစ်တွင် မောင်းတိုင်ဘူတာသို့ ပြန်လည်ရောက်ရှိသည်။ ရထားသည် မောင်းတိုင်၊ နာတွဲ၊ မောင်းဇိုင်၊ လွမ်ပရာဘွမ်၊ ဗန်ဗျင်း နှင့် ဗီယန်ကျင်း စသည့် ဘူတာ ၆ ခုတွင် ရပ်တန့်မည်ဖြစ်သည်။ မြောက်ပိုင်းပြည်နယ်များမှ ပြည်သူများသည် ဗီယန်ကျင်းသို့ ရုံးတက်ရုံးဆင်း အသွားအလာ ခရီးသွားလာခြင်း၊ စီးပွားရေးလုပ်ကိုင်ခြင်းနှင့် ဆွေမျိုးမိတ်ဆွေများထံ သွားရောက်လည်ပတ်ခြင်းများကို တစ်ရက်အတွင်း အသွားအပြန် ပြုလုပ်နိုင်တော့မည်ဖြစ်သည်။
အဆိုပါ မြို့ပြချင်းဆက် ရထားပြေးဆွဲခြင်းသည် တရုတ်-လာအို ရထားလမ်း လာအိုအပိုင်း၏ ခရီးသည်ပို့ဆောင်ရေးကွန်ရက်ကို ပိုမိုပြည်စုံကောင်းမွန်စေမည်ဖြစ်ပြီး လာအိုပြည်သူများ၏ ခရီးသွားလာမှု ရွေးချယ်ခွင့်များကို ပိုမိုကြွယ်ဝစေကာ လမ်းကြောင်းတလျှောက် ယဉ်ကျေးမှုနှင့် ခရီးသွားလာရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုမည်ဖြစ်ကြောင်း၊ ထို့အပြင် တရုတ်-လာအို စီးပွားရေးစင်္ကြံ တည်ဆောက်ရေးနှင့် "ရပ်ဝန်းနှင့် ပိုးလမ်းမ" အတူတကွ တည်ဆောက်ရေးအတွက် ပိုမိုခိုင်မာသော လမ်းပန်းဆက်သွယ်ရေး အထောက်အပံ့ကို ပေးအပ်နိုင်မည်ဖြစ်ကြောင်း လာအို-တရုတ် ရထားလမ်း ကုမ္ပဏီလီမိတက်က ပြောကြားခဲ့သည်။