中文 English {{ activeLangText || 'Languages' }} {{ item.text }}
တရုတ်သမ္မတ ရှီကျင့်ဖိန် သည် အမေရိကန်သို့ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိ
သတင်း > အကြောင်းအရာ

တရုတ်သမ္မတ ရှီကျင့်ဖိန် သည် အမေရိကန်သို့ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိ

CRI|
分享到Facebook

တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် အမေရိကန် ပြည်ထောင်စု သမ္မတ ဒေါ်နယ် ထရမ့် ၏ဖိတ်ကြားချက်အရ အမေရိကန် ပြည်ထောင်စုသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီး သွားရောက်ရန်အတွက် အထူးလေယာဉ်ဖြင့် ထွက်ခွါခဲ့ရာ စက်တင်ဘာလ ၂၃ ရက်နေ့ ညနေပိုင်းတွင် အမေရိကန် ပြည်ထောင်စု ဝါရှင်တန်မြို့သို့ ရောက်ရှိခဲ့ပါသည်။

တရုတ်သမ္မတ ရှီကျင့်ဖိန်နှင့် ဇနီးဖုန်းလိယွမ်တို့သည် ဝါရှင်တန်မြို့ရှိ အင်ဒရူးလေတပ်စခန်းသို့ ရောက်ရှိသည့်အခါ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် ဇနီးမယ်လန်နီယာတို့က လှိုက်လှဲနွေးထွေးစွာ ခရီးဦးကြိုဆိုနှုတ်ဆက်ခဲ့ကြပါသည်။

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က တရုတ်သမ္မတ ရှီကျင့်ဖိန်နှင့် ဇနီးဖုန်းလိယွမ်တို့အား ဝါရှင်တန်မြို့တွင် ကြိုဆိုရသည့်အတွက် အလွန်ဝမ်းမြောက်ဝမ်းသာဖြစ်မိပြီး ဤသည်မှာ ကမ္ဘာတစ်ဝန်း၏ အာရုံစိုက်မှုကို ရရှိနေသည့် ခရီးစဉ်တစ်ခု ဖြစ်ကြောင်း၊ သမ္မတ ရှီကျင့်ဖိန်သည် ကြီးမြတ်သော ခေါင်းဆောင်ကြီးတစ်ဦးဖြစ်ပြီး ယခုအချိန်သည်လည်း အလွန်ကြီးမြတ်သောအချိန် ဖြစ်ကြောင်း၊ မိမိအနေဖြင့် သမ္မတ ရှီကျင့်ဖိန်နှင့်အတူ နှစ်နိုင်ငံဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အမြင်ချင်းဖလှယ်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။

အမေရိကန်ကလေးများက တရုတ်သမ္မတ ရှီကျင့်ဖိန်နှင့် ဇနီးဖုန်းလိယွမ်တို့အား ပန်းစည်းများ ပေးအပ်ခဲ့ကြပါသည်။ ဂုဏ်ပြုတပ်ဖွဲ့ဝင်များက အနီရောင်ကော်ဇောနှစ်ဖက်တွင် ရပ်ပြီး အလေးပြုခဲ့ကြပါသည်။ စစ်တီးဝိုင်းအဖွဲ့က တရုတ်နှင့် အမေရိကန်နှစ်နိုင်ငံ၏ နိုင်ငံတော်သီချင်းများကို ဂုဏ်ပြုတီးခတ်ခဲ့သည့်အပြင် အမြောက် ၂၁ ချက် ပစ်ဖောက် ဂုဏ်ပြုခြင်းနှင့် တိုက်လေယာဉ်များဖြင့် ပျံသန်းဂုဏ်ပြုခြင်းများကိုလည်း ပြုလုပ်ခဲ့ပါသည်။

တရုတ်သမ္မတ ရှီကျင့်ဖိန်သည် စာလွှာဖြင့် မိန့်ခွန်းပြောကြားခဲ့ရာ တရုတ်ပြည်သူများကိုယ်စား  အမေရိကန်ပြည်သူများအား နှုတ်ခွန်းဆက်သကာ ဆုမွန်ကောင်းတောင်းခဲ့ ပါသည်။

ရှီကျင့်ဖိန်က တရုတ်-အမေရိကန်ဆက်ဆံရေးသည် တူညီသောရည်ရွယ်ချက်အတိုင်း ရှေ့သို့ချီတက်သင့်ကြောင်း၊ ပူးပေါင်းဆောင်ရွက်မှုများကို အဓိကထားပြီး ယှဉ်ပြိုင်မှုများ အသင့်အတင့်ရှိကာ သဘောထားကွဲလွဲမှုများကို ထိန်းချုပ်နိုင်ပြီး ငြိမ်းချမ်းရေးကို မျှော်မှန်း နိုင်သည့် တည်ငြိမ်သော ဆက်ဆံရေးကို တည်ဆောက်ရန် တွန်းအားပေးသင့်ကြောင်း၊ ခေတ်သစ်ကာလတွင် အင်အားကြီးနိုင်ငံ နှစ်နိုင်ငံဖြစ်သည့် တရုတ်-အမေရိကန်တို့အကြား မှန်ကန်စွာ ဆက်ဆံနိုင်ရေးအတွက် လမ်းကြောင်းတစ်ခုကို ဖန်တီးသင့်ကြောင်း ပြောကြားခဲ့ ပါသည်။

ရှီကျင့်ဖိန်က နှစ်ဦးနှစ်ဖက်တို့၏ အတူတကွကြိုးပမ်းဆောင်ရွက်မှုများကြောင့် ယခုအကြိမ်ခရီးစဉ်တွင် ကြီးမားသော အောင်မြင်မှုများ ရရှိလိမ့်မည် ဖြစ်ပြီး နှစ်နိုင်ငံပြည်သူများအား သုခချမ်းသာများ ဆောင်ကြဉ်းပေးကာ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် မျှော်လင့်ချက်များ ဖြည့်ဆည်းပေးနိုင်ရန် ယုံကြည်ပါကြောင်း အလေးထားပြောကြားခဲ့ပါသည်။

တရုတ်သမ္မတ ရှီကျင့်ဖိန်သည် လေဆိပ်မှ တည်းခိုရာဟိုတယ်သို့ ကားဖြင့် သွားရောက်စဉ်အတွင်း အမေရိကန် ပြည်ထောင်စုရောက် တရုတ်နွယ်ဖွားများနှင့် ပညာတော်သင်ကိုယ်စားလှယ်များက လမ်းဘေးတွင် စုဝေးပြီး သမ္မတ ရှီကျင့်ဖိန် ၏ အမေရိကန်ခရီးစဉ်ကို လှိုက်လှဲနွေးထွေးစွာ ကြိုဆိုသည့်အနေဖြင့် တရုတ်နှင့် အမေရိကန် နှစ်နိုင်ငံ၏ နိုင်ငံတော်အလံများကို ဝှေ့ယမ်းကြိုဆိုခဲ့ကြပါသည်။