တရုတ်သိပ္ပံနှင့်နည်းပညာပြတိုက်တွင် မြန်မာလူငယ်များ၏ အနုပညာလက်ရာများအား ပြသ

မကြာသေးမီက တရုတ်သိပ္ပံနှင့်နည်းပညာပြတိုက်သည် "Ocean Decade" (သမုဒ္ဒရာဆယ်စုနှစ်) နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးစင်တာနှင့် ပူးပေါင်း၍ အနာဂတ်တွင် ပြုလုပ်မည့် ပင်လယ်နက်ပိုင်း စူးစမ်းလေ့လာရေးလုပ်ငန်းစဉ်ကို အခြေခံသည့် “နက်ပြာရောင် ရင်ခုန်သံ” ဟူသော ပူးပေါင်း ဖန်တီးမှုလှုပ်ရှားမှုကို ကျင်းပခဲ့ပါသည်။ တရုတ်နိုင်ငံနှင့် ပြည်ပနိုင်ငံများမှ လူငယ်များ ဖန်တီးထားသည့် ပန်းချီးကားများနှင့် AI ဗီဒီယိုအတိုများ စုစုပေါင်း ၃၃ ခုကို ပေကျင်းမြို့ရှိ တရုတ်သိပ္ပံနှင့် နည်းပညာပြတိုက်တွင် ပြသလျက်ရှိပါသည်။ တရုတ်နိုင်ငံနှင့် အခြားနိုင်ငံများမှ အသက် ၆ နှစ်နှင့်အထက် လူငယ်ပါဝင်သူများသည် အနာဂတ် ပင်လယ်နက်ပိုင်းစူးစမ်းလေ့လာရေးဆိုင်ရာ ခေါင်းစဉ်ကို အခြေခံ၍ ၎င်းတို့၏ စိတ်ကူးဉာဏ်စွမ်းရည်များကို အသုံးပြုကာ လက်ရာများကို ဖန်တီး ခဲ့ကြပါသည်။
အထူးသဖြင့် ဤပြပွဲတွင် မြန်မာလူငယ်များ၏ ပန်းချီကား ၁၀ ကား ပါဝင်ပြသထားပါသည်။ ဤဖန်တီးရှင်များသည် အနာဂတ် ပင်လယ်နက်ပိုင်းစူးစမ်းလေ့လာရေးလုပ်ငန်းစဉ်ကို စိတ်ကူးပုံဖော် ခဲ့ကြပြီး၊ ပင်လယ်ရေအောက်နက်ရှိုင်းသော ကမ္ဘာကြီးအပေါ် ၎င်းတို့၏ ထူးခြားသောစိတ်ကူးများကို ပန်းချီကားများမှတစ်ဆင့် ပုံဖော်တင်ဆက်ခဲ့ကြပါသည်။ ယခင်က China Media Group သည် မြန်မာနိုင်ငံတွင် "Science Club" လှုပ်ရှားမှုနှင့် “နက်ပြာရောင် ရင်ခုန်သံ” ပူးပေါင်းဖန်တီးမှုများ စုစည်းခြင်း လှုပ်ရှားမှုကို ကျင်းပခဲ့ပြီး မြန်မာလူငယ်များအား သိပ္ပံဆိုင်ရာ ပန်းချီကားများနှင့် မေးခွန်းများ ပေးပို့ရန် ဖိတ်ခေါ်ခဲ့ရာ ထူးချွန်သော ပန်းချီကား ၁၀ ကားနှင့် ကျောင်းသားနှစ်ဦး၏ သိပ္ပံဆိုင်ရာ မေးခွန်းများကို ဤလှုပ်ရှားမှုတွင် ပါဝင်ပြသရန် ရွေးချယ်ခဲ့ပါသည်။
တရုတ်သိပ္ပံနှင့်နည်းပညာပြတိုက်မှ တာဝန်ရှိသူတစ်ဦးဖြစ်သူ ချန်က “နက်ပြာရောင် ရင်ခုန်သံ” လှုပ်ရှားမှုသည် လူငယ်များကြားတွင် ပင်လယ်နက်ပိုင်းစူးစမ်းလေ့လာရေးနှင့် ပတ်သက်သည့် စူးစမ်းလိုစိတ်နှင့် တီထွင်ဖန်တီးနိုင်စွမ်းကို နှိုးဆွပေးရန် ရည်ရွယ်ပါကြောင်း ပြောကြားခဲ့ပါသည်။ မြန်မာနိုင်ငံမှ လူငယ်များ၏ လက်ရာများကို တရုတ်နှင့် အခြားနိုင်ငံများမှ လူငယ်များ၏ လက်ရာများနှင့် အတူ ပြသခြင်းအားဖြင့် သိပ္ပံပညာရေးနှင့် ယဉ်ကျေးမှုဖလှယ်ရေးတို့ ပေါင်းစပ်ဆောင်ရွက်ခြင်း၏ ထင်ရှားသော ဥပမာတစ်ခု ဖြစ်သည်ဟု ပြောကြားခဲ့ပါသည်။
ဤပြပွဲသည် ကလေးများနှင့်အတူ လာရောက်လည်ပတ်ကြသည့် မိသားစုများအပါအဝင် လာရောက်ကြည့်ရှုသူ အများအပြားကို ဆွဲဆောင်နိုင်ခဲ့ပါသည်။
လာရောက်ကြည့်ရှုသူ လီက ပြသထားသော ပန်းချီကားလက်ရာများတွင် ရေအောက်ကမ္ဘာ၌ တည်ဆောက် ထားသော အိမ်များကို ပုံဖော်ထားပြီး ပန်းချီကားများမှာ စိတ်ကူးဉာဏ်များဖြင့် ပြည့်နှက်နေပါသည်။
ယင်းလှုပ်ရှားမှုကို ၂၀၂၆ ခုနှစ် စက်တင်ဘာလမှ အောင်တိုဘာလအထိ ကျင်းပသွားမည်ဖြစ်ပါသည်။ ၎င်းတွင် ပန်းချီကားနှင့် AI ဗီဒီယိုအတိုသာမက အနာဂတ်တွင် ပြုလုပ်မည့် ပင်လယ်နက်ပိုင်း စူးစမ်း လေ့လာရေးလုပ်ငန်းများနှင့် သက်ဆိုင်သည့် သိပ္ပံဆိုင်ရာ မေးခွန်းများနှင့် စမ်းသပ်မှု ဒီဇိုင်းအမျိုးမျိုးကိုလည်း စုစည်းထားပါသည်။ စက်တင်ဘာလနှောင်းပိုင်းတွင် ပြုလုပ်မည့် “နက်ပြာရောင် ရင်ခုန်သံ” သိပ္ပံဆိုင်ရာ စူးစမ်းလေ့လာရေးခရီးစဉ်အတွင်း တိုက်ရိုက်ထုတ်လွှင့်မှုလှုပ်ရှားမှုတွင် “Ke Xue” သုတေသန သင်္ဘောပေါ်ရှိ သိပ္ပံပညာရှင်များက အဆိုပါ မေးခွန်းများကို ဖြေကြား သုံးသပ်ကြမည်ဖြစ်ပြီး ထိုအချိန်တွင် စုစည်းလာသော စမ်းသပ်မှုများကိုလည်း လက်တွေ့ ဆောင်ရွက်သွားမည် ဖြစ်သည်ဟု သတင်းရရှိပါသည်။