"ချန်အယ်-၆" လကမ္ဘာအနောက်ဘက်ခြမ်း မြေဆီလွှာနမူနာကို ဗီယင်နာ ကုလသမဂ္ဂဌာနချုပ်သို့ ပေးအပ်

တရုတ် အမျိုးသား အာကာသဗျူရို၊ ဗီယင်နာမြို့ရှိ ကုလသမဂ္ဂနှင့် အခြားနိုင်ငံတကာအဖွဲ့အစည်းများဆိုင်ရာ တရုတ်အမြဲတမ်းကိုယ်စားလှယ်အဖွဲ့နှင့် ကုလသမဂ္ဂ ပြင်ပအာကာသရေးရာရုံးတို့သည် ၁၄ ရက်နေ့က ဗီယင်နာမြို့ရှိ ကုလသမဂ္ဂဌာနချုပ်၌ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ကျင်းပခဲ့ပြီး တရုတ်နိုင်ငံသည် ချန်အယ်-၆ က စေလွှတ်ရယူစုဆောင်းခဲ့သော လူသားတို့၏ ပထမဆုံးသော လကမ္ဘာအနောက်ဘက်ခြမ်း မြေဆီလွှာနမူနာကို ကုလသမဂ္ဂထံ တရားဝင် လှူဒါန်းခဲ့သည်။ ဗီယင်နာမြို့ရှိ နိုင်ငံတကာအဖွဲ့အစည်း အကြီးအကဲများ၊ နိုင်ငံအသီးသီးမှ အမြဲတမ်းကိုယ်စားလှယ်များနှင့် နယ်ပယ်အသီးသီးမှ ကိုယ်စားလှယ်များ အပါအဝင် ဧည့်သည်တော် ၄၀၀ ကျော် တက်ရောက်ခဲ့ကြသည်။
အမျိုးသား အာကာသဗျူရို ညွှန်ကြားရေးမှူးချုပ် ရှန်းကျုန်းသဲ၊ ကုလသမဂ္ဂ ဗီယင်နာရုံး အထွေထွေအတွင်းရေးမှူးချုပ် ဂျူမာ၊ ကုလသမဂ္ဂ ပြင်ပအာကာသရေးရာ ရုံးညွှန်ကြားရေးမှူး ဟိုလာ-မိုင်းနီ၊ ကုလသမဂ္ဂဆိုင်ရာ တရုတ်အမြဲတမ်းကိုယ်စားလှယ် လီဆုန်းတို့က လမြေဆီလွှာနမူနာကို အတူတကွ ဖွင့်လှစ်ပြသခဲ့သည်။ နမူနာကို ဗီယင်နာ ကုလသမဂ္ဂဌာနချုပ်၌ အမြဲတမ်းပြသထားမည်ဖြစ်သည်။
ရှန်းကျုန်းသဲက မိန့်ခွန်းပြောကြားရာတွင် စကြဝဠာကို စူးစမ်းလေ့လာခြင်းသည် လူသားတို့၏ ဘုံအိပ်မက်ဖြစ်ကြောင်း၊ ချန်အယ်သည် တရုတ်နိုင်ငံပိုင် ဖြစ်သကဲ့သို့ လူသားအားလုံးပိုင်လည်း ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် လကမ္ဘာအနောက်ဘက်ခြမ်း မြေဆီလွှာကို ကုလသမဂ္ဂထံ လှူဒါန်းခြင်းသည် လက်တွေ့လုပ်ဆောင်ချက်များဖြင့် စစ်မှန်သော ဘက်စုံမှုဝါဒကို ကျင့်သုံးခြင်းဖြစ်ပြီး ပြင်ပအာကာသကို ငြိမ်းချမ်းစွာ စူးစမ်းလေ့လာရေး လုပ်ငန်းများကို တွန်းအားပေးကာ အာကာသ ရလဒ်များဖြင့် ကမ္ဘာ့နိုင်ငံအသီးသီးမှ ပြည်သူများကို ပိုမိုကောင်းမွန်စွာ အကျိုးပြုစေရန်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဂျူမာက တရုတ်ဘက်က လမြေဆီလွှာနမူနာကို ဗီယင်နာ ကုလသမဂ္ဂဌာနချုပ်၌ အမြဲတမ်းပြသထားခြင်းသည် အရေးပါသော အဓိပ္ပာယ်ရှိပြီး လူသားတို့၏ စကြဝဠာကို စူးစမ်းလေ့လာရေး သန္နိဋ္ဌာန်နှင့် ကုလသမဂ္ဂ၏ အခန်းကဏ္ဍအပေါ် ထောက်ခံမှုကို ပေါ်လွင်စေကြောင်း ပြောကြားခဲ့သည်။ ဟိုလာ-မိုင်းနီက တရုတ်နိုင်ငံသည် လမြေဆီလွှာကို လှူဒါန်းပြီး သိပ္ပံနည်းကျ သုတေသန အချက်အလက်များကို မျှဝေခြင်းသည် ပြင်ပအာကာသသည် လူသားအားလုံး၏ ဘုံနယ်မြေဖြစ်ကြောင်း ဖော်ကျူးနေသည်ဟု ပြောကြားခဲ့သည်။
ပါကစ္စတန် အမြဲတမ်းကိုယ်စားလှယ်က ပါကစ္စတန် ICUBE-Q သည် ချန်အယ်-၆ တာဝန်နှင့်အတူ ပါကစ္စတန်၏ ပထမဆုံး လကမ္ဘာစူးစမ်းလေ့လာမှုကို ပြီးမြောက်ခဲ့ကြောင်း၊ နှစ်နိုင်ငံကြား နက်ရှိုင်းသော အာကာသ စူးစမ်းလေ့လာရေး စသည့်နယ်ပယ်များ၌ ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစေရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။ အီတလီ အမြဲတမ်းကိုယ်စားလှယ်က လကမ္ဘာစူးစမ်းလေ့လာရေးသည် လူသားအားလုံး၏ ဘုံလုပ်ငန်းဖြစ်ပြီး တရုတ်နှင့် အီတလီတို့သည် လကမ္ဘာစူးစမ်းလေ့လာရေး စသည့်ဘက်များ၌ ပူးပေါင်းဆောင်ရွက်မှုများစွာ ဆောင်ရွက်ခဲ့ကြောင်း၊ အနာဂတ်တွင် ဘက်အသီးသီးမှ လကမ္ဘာစူးစမ်းလေ့လာရေး လုပ်ငန်းများကို အတူတကွ ဆက်လက်တွန်းအားပေးရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။