ယူနန်ပြည်နယ် ဂိန်းမာခရိုင် မန်းကွမ်းကျောက်ထက်ရုပ်ပုံများသည် ရှေးဦးတရုတ်ယဉ်ကျေးမှု စီးဆင်းမှုအတွက် အနုပညာသက်သေအသစ် ပံ့ပိုးပေး
မကြာသေးမီက ယူနန်ပြည်နယ် ရှေးဟောင်းသုတေသန သုတေသနဌာနသည် နန်းကျင်း Normal တက္ကသိုလ် စသည့်ဌာနများနှင့် ပူးပေါင်း၍ အရေးပါသော ရှေးဟောင်းသုတေသနဆန်းသစ်တီထွင်မှု ရရှိခဲ့ပါသည်။ ယူနန်ပြည်နယ် အနောက်တောင်ပိုင်း လင်ချန်းမြို့ ဂိန်းမာခရိုင်ရှိ မန်းကွမ်းကျောက်ထက်ရုပ်ပုံများ အကြွင်းအကျန်များကို အသေးစိတ်သုတေသနပြုချက်အရ ယင်းရှေးဟောင်းရုပ်ပုံများ၏ ဖန်တီးမှု အချိန်သည် လွန်ခဲ့သော နှစ်ပေါင်း ၄၂၂၀ ခန့်က ဖြစ်ကြောင်း ပထမဆုံးအကြိမ် အတည်ပြုနိုင်ခဲ့ပါသည်။ ဤတွေ့ရှိချက်သည် ဒေသတွင်းလူသားများ ကျောက်ထက်ရုပ်ပုံများ ရေးဆွဲခဲ့သည့် သမိုင်းကြောင်းကို နှစ်ပေါင်း ရာဂဏန်းမျှ ရှေ့သို့ တိုးမြှင့်ပေးခဲ့ပါသည်။

သုတေသနပြုသူများသည် ရုပ်ပုံများအပေါ်တွင် ဖုံးအုပ်နေသော သတ္တုသလင်းကျောက် အလွှာများကို ခွဲခြမ်းစိတ်ဖြာခြင်းဖြင့် အလွန်စိတ်ချရသော ခေတ်ကာလဒေတာများကို ရရှိခဲ့ပါသည်။ ရလဒ်များအရ မန်းကွမ်းကျောက်ထက်ရုပ်ပုံများသည် ထင်ရှားသောဆန်းယွမ် ကျောက်ထက်ရုပ်ပုံများထက် သမိုင်းကာလပိုမိုစောစော ရေးဆွဲခဲ့ကြောင်း ပြသနေပါသည်။ သက်ဆိုင်ရာ သုတေသနရလဒ်များကို ဩဂုတ်လ ၆ ရက်နေ့က အပြည်ပြည်ဆိုင်ရာ ထင်ရှားသော ရှေးဟောင်းသုတေသန ဂျာနယ်တစ်ခုဖြစ်သည့် “Journal of Archaeological Science: Reports” တွင် ပုံနှိပ်ထုတ်ဝေခဲ့ပါသည်။
မန်းကွမ်းကျောက်ထက်ရုပ်ပုံများသည် ဆန်းယွမ်ကျောက်ထက်ရုပ်ပုံများ၏ မြောက်ပိုင်းဒေသနှင့် ကီလိုမီတာ ၁၀ ကျော်မျှသာ ကွာဝေးပါသည်။ သုတေသနပြုသူများသည် ထိုနေရာ၌ လူပုံစံများ၊ သတ္တဝါပုံစံများနှင့် ဂျီဩမေတြီ ရုပ်ပုံများကို တွေ့ရှိခဲ့ကြပါသည်။ ယင်းအနက် အစောဆုံးရုပ်ပုံများကို လွန်ခဲ့သော နှစ်ပေါင်း ၄၂၂၀ ခန့်က ရေးဆွဲခဲ့ခြင်းဖြစ်ပြီး အခြားနမူနာ ပမာဏအများစု၏ ကာလမှာမူ လွန်ခဲ့သော နှစ်ပေါင်း ၃၉၀၀ မှ ၃၀၀၀ ကျော်ခန့်တွင် စုစည်းနေပါသည်။ ဤခေတ်ကာလ သတင်းအချက်အလက်များသည် တရုတ်နိုင်ငံ အနောက်တောင်ပိုင်းဒေသနှင့် အနီးဝန်းကျင်ဒေသများ၏ သမိုင်းမတင်မီ အနုပညာဖွံ့ဖြိုးတိုးတက်မှုကို နားလည်သဘောပေါက်ရန်အတွက် အရေးပါသော အချိန်ကာလ စံနှုန်းများကို ပံ့ပိုးပေးထားပါသည်။
မန်းကွမ်းကျောက်ထက်ရုပ်ပုံများ ဖန်တီးခဲ့သည့် ကာလသည် သမိုင်းကြောင်းအရ ကမ္ဘာလုံးဆိုင်ရာ ရာသီဥတု ခြောက်သွေ့သွားသည့် ဖြစ်စဉ်နှင့် ကာလတူ ဖြစ်နေသည်ကို သတိပြုဖွယ်ရာ တွေ့ရှိရပါသည်။ ဤသည်မှာ ရှေးဟောင်းပတ်ဝန်းကျင် ပြောင်းလဲမှုများသည် လူသားတို့၏ လှုပ်ရှားမှုများနှင့် ယဉ်ကျေးမှု အပြန်အလှန်ကူးလူးဆက်ဆံမှုများအပေါ် မည်သို့ လွှမ်းမိုးခဲ့သည်ကို သုတေသနပြုရန်အတွက် တန်ဖိုးရှိသော စံနမူနာတစ်ခု ဖြစ်လာခဲ့ပါသည်။
ယခင်က ဂျင်းရှာကျန်းမြစ်၊ ဆန်းယွမ်၊ ဇော့ကျန်း စသည့်နေရာများရှိ ကျောက်ထက်ရုပ်ပုံများဆိုင်ရာ သုတေသနပြုချက်များနှင့် ပေါင်းစပ်၍ ရှေးဟောင်းသုတေသနအဖွဲ့သည် တရုတ်နိုင်ငံ အနောက်တောင်ပိုင်းဒေသ ကျောက်ထက်ရုပ်ပုံများ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အဓိက အဆင့် ၃ ခုကို စနစ်တကျ ဖော်ထုတ်နိုင်ခဲ့ပါသည်။ ယင်းအနက် မန်းကွမ်းနှင့်ဆန်းယွမ်တို့ဖြင့် ကိုယ်စားပြုသော ကျောက်ခေတ်သစ်နှောင်းပိုင်း အဆင့်တွင် ရုပ်ပုံများ၏ အဓိကအကြောင်းအရာသည် လူသားတို့၏ လှုပ်ရှားမှုများ၊ အခမ်းအနား ရှုခင်းများနှင့် ဒြပ်မဲ့သင်္ကေတများကို ဖော်ပြပြသရာသို့ ကူးပြောင်းသွားခဲ့ပြီး ထိုစဉ်က လူသားများသည် လှည့်လည်အမဲလိုက်သည့် လူနေမှုဘဝမှ အခြေချနေထိုင်သည့် လူနေမှုဘဝဆီသို့ ပြောင်းလဲသွားသည့် အရေးပါသော အကူးအပြောင်းကို ထိန်းညှိပေးနေပါသည်။ မန်းကွမ်းကျောက်ထက်ရုပ်ပုံများ တွေ့ရှိမှုသည် ဆန်းယွမ်ကျောက်ထက်ရုပ်ပုံများ မတိုင်မီ အရေးပါသော ကာလတစ်ခု၏ အနုပညာဖော်ပြချက်ကွက်လပ်ကို ကောင်းစွာ ဖြည့်ဆည်းပေးခဲ့ပါသည်။
ဤရလဒ်သည် ဒေသတွင်း ရှေးဟောင်းသုတေသန သုတေသနများအတွက် ပိုမိုခိုင်မာသော ခေတ်ကာလ အခြေခံကို တည်ဆောက်ပေးရုံသာမကဘဲ အနီးဝန်းကျင်နိုင်ငံများနှင့် ဒေသများ၏ ရှေးဟောင်းကျောက်ထက်ရုပ်ပုံများ သုတေသနပြုမှုအတွက်လည်း ကိုးကားမှု တန်ဖိုးများ ရှိနေပါသည်။ စီမံကိန်းတာဝန်ခံ၊ ယူနန်ပြည်နယ် ရှေးဟောင်းသုတေသန သုတေသနဌာန ဒုတိယ သုတေသနမှူး ဝူယွန်းက သုတေသနလုပ်ငန်းများသည် အနောက်တောင်ပိုင်းနှင့် အနီးဝန်းကျင်ဒေသများရှိ ကျောက်ထက်ရုပ်ပုံများ၏ ခေတ်ကာလသတ်မှတ်ရေးနှင့် ရုပ်ပုံဗေဒဆိုင်ရာ ပေါင်းစပ်သုတေသနများကို ဆက်လက်နက်ရှိုင်းစွာ ဆောင်ရွက်သွားမည်ဖြစ်ပြီး အရှေ့အာရှ - အရှေ့တောင်အာရှ သမိုင်းမတင်မီ အနုပညာသမိုင်း၏ ဒေသဖြတ်ကျော်ပေါင်းစည်းမှုကို တွန်းအားပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။