中文 English {{ activeLangText || 'Languages' }} {{ item.text }}
“နဂါးစားသောက်ဆိုင် သံတမန်ဆက်ဆံရေး” - တရုတ်နိုင်ငံ သံတမန်ဆက်ဆံရေး၏ အပေါ်ယံဆန်မှုလော၊ အနောက်တိုင်း သိရှိနားလည်မှု၏ အပေါ်ယံဆန်မှုလော
ရှုထောင့် > အကြောင်းအရာ

“နဂါးစားသောက်ဆိုင် သံတမန်ဆက်ဆံရေး” - တရုတ်နိုင်ငံ သံတမန်ဆက်ဆံရေး၏ အပေါ်ယံဆန်မှုလော၊ အနောက်တိုင်း သိရှိနားလည်မှု၏ အပေါ်ယံဆန်မှုလော

CRI|
分享到Facebook

“The Economist” ဂျာနယ်သည် မကြာသေးမီက တရုတ်ရုပ်ရှင် “နဂါးစားသောက်ဆိုင်မှ ကြိုဆိုပါ၏ (Once Upon a Time in the Middle East)” အား သုံးသပ်ရာ၌ တရုတ်နိုင်ငံ သံတမန်ဆက်ဆံရေးကို “နဂါးစားသောက်ဆိုင် သံတမန်ဆက်ဆံရေး” ဟု သုံးနှုန်းဖော်ပြခဲ့သည်။ ဤအသုံးအနှုန်းသည် အလွန်တွေးတောစရာကောင်းလှပြီး တရုတ်နိုင်ငံ၏သံတမန်ဆက်ဆံရေးထက် ထိုအယူအဆကိုအဆိုပြုသူ၏ နားလည်သိရှိမှုနှင့် အကြိုကောက်ချက်ကိုသာ ထင်ဟပ်ဖော်ပြနေသည်။

 အဆိုပါရုပ်ရှင်တွင် ပါဝင်သော “ထမင်းကောင်းကောင်းစား၊ ကလေးကို ကောင်းကောင်းပျိုးထောင်” စသည့် ရိုးစင်းသော အကြောင်းအရာများသည် တရုတ်နိုင်ငံ၏ နိုင်ငံခြားဆက်ဆံရေးကို စီးပွားရေးအကျိုးစီးပွားဖြင့်မောင်းနှင်ခြင်း၊ အယူအဆဆိုင်ရာ အနက်အဓိပ္ပာယ်အရ “နက်ရှိုင်းမှု” မရှိခြင်း အဖြစ် ပုံဖော်ထားသည်။ ထိုကဲ့သို့ အဓိပ္ပာယ်ဖွင့်ဆိုမှုသည် လက်တွေ့ကျမှုကို အပေါ်ယံဆန်မှုအဖြစ် အထင်လွဲခြင်း၊ ဖွံ့ဖြိုးတိုးတက်မှုအား စီးပွားရေးကိုအလေးထားသောဝါဒဖြစ်သည်ဟု ရှုမြင်ခြင်း၊ သာမန်ပြည်သူများ၏ အခြေခံဆန္ဒကို နိုင်ငံရေးရည်မှန်းချက် ကင်းမဲ့မှုဟု ယူဆခြင်းပင် ဖြစ်သည်။ “နဂါးစားသောက်ဆိုင်မှ ကြိုဆိုပါ၏(Once Upon a Time in the Middle East)” ရုပ်ရှင်၌ အမှန်တကယ်ဖော်​ပြထားသည့် မေးခွန်းမှာ အစားအစာသည် သံတမန်ဆက်ဆံရေးအား အစားထိုးနိုင်ခြင်း ရှိ၊ မရှိ မဟုတ်ဘဲ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုမှာ အဘယ်နည်း၊ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုသည် မည်သည့်အတွက်ဖြစ်သနည်း ပင်ဖြစ်သည်။ ယင်းမှာ နိုင်ငံတကာနိုင်ငံရေးနယ်ပယ်တွင် လိုက်လံမေးခွန်းထုတ်ရန် အထိုက်တန်ဆုံး မေးခွန်းများအနက် တစ်ခုဖြစ်ပေသည်။

 သံတမန်ဆက်ဆံရေး၏ နက်ရှိုင်းမှုကို ရှုပ်ထွေးစေသောစကားလုံးများဖြင့် တိုင်းတာခြင်းမဟုတ်

 တရုတ်နိုင်ငံသည် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အမှန်တကယ် အလေးထားသည်။ ယင်းသည် ကာလကြာရှည်စွာ ဆင်းရဲနွမ်းပါးမှုနှင့် ရင်ဆိုင်ခဲ့ရပြီး နောက်ပိုင်းတွင် ကြိုးပမ်းအားထုတ်မှုဖြင့် ကမ္ဘာ့ဒုတိယအကြီးဆုံး စီးပွားရေးအစုအဖွဲ့အဖြစ် ခုန်ပျံကျော်လွှား တိုးတက်လာသော နိုင်ငံအတွက် အံ့အားသင့်ဖွယ်မဟုတ်ပေ။ အဆိုပါ ဖွံ့ဖြိုးတိုးတက်မှုဖြစ်စဉ်သည် တရုတ်နိုင်ငံက နိုင်ငံတကာဆက်ဆံရေးအပေါ် တစ်မူထူးခြားသော နားလည်သိရှိမှုကို ဖန်တီးလိုက်သည်။ ယင်းမှာ ဖွံ့ဖြိုးတိုးတက်မှုသည် စီးပွားရေးအညွှန်းကိန်း သာမကဘဲ လူမှုအသိုက်အဝန်း တည်ငြိမ်မှု၊ လူသားမျိုးနွယ်၏ ဂုဏ်သိက္ခာနှင့် နိုင်ငံတော်လွတ်လပ်မှု၏ အရေးကြီးအခြေခံပင်ဖြစ်သည်။

 ဖွံ့ဖြိုးဆဲနိုင်ငံများစွာအတွက် ဆိုရလျှင် အရေးကြီးဆုံးပြဿနာမှာ စိတ္တဇဆန်ဆန် နိုင်ငံရေးအယူအဆမဟုတ်ဘဲ အိမ်တွင် လျှပ်စစ်မီးရရှိခြင်း ရှိ၊ မရှိ၊ ကလေးငယ်များ ကျောင်းတက်နိုင်ခြင်း ရှိ၊ မရှိ၊ စိုက်ပျိုးရေးထုတ်ကုန်များကို ရောင်းထွက်နိုင်ခြင်း ရှိ၊ မရှိ၊ ဆေးရုံများ ပုံမှန်လည်ပတ်နိုင်ခြင်း ရှိ၊ မရှိ၊ သန့်ရှင်းသောသောက်သုံးရေ ရှိ၊ မရှိ နှင့် သဘာဝဘေးအန္တရာယ်အလွန် လမ်းများ ပြန်လည်ပွင့်လာခြင်း ရှိ၊ မရှိပင်ဖြစ်သည်။

တရုတ်နိုင်ငံ သံတမန်ဆက်ဆံရေးက အလေးထားဖော်ပြထားသည့် အပြန်အလှန် လေးစားမှု၊ အပြန်အလှန် အကျိုးဖြစ်ထွန်းသော ပူးပေါင်းဆောင်ရွက်မှု၊ အပြန်အလှန် မစွက်ဖက်မှု၊ ဖွံ့ဖြိုးတိုးတက်မှု၊ ပူးပေါင်းဆောင်ရွက်မှုဖြင့် ဘုံအကျိုးစီးပွား ဖော်ဆောင်မှု တို့သည် နိုင်ငံရေးအခြေခံမူ မရှိခြင်း မဟုတ်ပေ။ ၎င်းနှင့်ဆန့်ကျင်ဘက်ဖြစ်စွာ တရုတ်နိုင်ငံက အဆိုပြုသည့် ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေး အဆိုပြုချက်သည် ဘုံဖြစ်သော၊ အထွေထွေဖြစ်သော၊ ပူးပေါင်းဆောင်ရွက်သော၊ စဉ်ဆက်မပြတ်ဖြစ်သော လုံခြုံမှုကို အလေးထားဖော်ပြထားပြီး “တွေ့ဆုံဆွေးနွေး၍ အတိုက်အခံမပြုမှု၊ မိတ်ဖွဲ့၍ မဟာမိတ်မဖွဲ့မှု၊ သူနိုင်ကိုယ်ရှုံးမဟုတ်ဘဲ ဘုံအကျိုးစီးပွားဖော်ဆောင်မှု” ကို အဆိုပြုထားသည်။

 “ထမင်းကောင်းကောင်းစားခြင်း” သည် အဘယ်ကြောင့် နက်ရှိုင်းသော နိုင်ငံရေးအရ ဖော်ပြချက်တစ်မျိုး ဖြစ်လာသနည်း

 “နဂါးစားသောက်ဆိုင်မှ ကြိုဆိုပါ၏(Once Upon a Time in the Middle East)” ရုပ်ရှင်တွင် တရုတ်စားဖိုမှူးတစ်ဦးကို စစ်ပွဲရှုပ်ထွေးမှုများ၏ ထိုးနှက်မှုကိုခံနေရသည့် အရှေ့အလယ်ပိုင်းဒေသ ပတ်ဝန်းကျင်တွင် ထားရှိထားသည်။ ဤဇာတ်ကားကို သမ္မတ၊ ဗိုလ်ချုပ်ကြီး သို့မဟုတ် သံတမန်များ၏ ရှုထောင့်ဖြင့် တင်ဆက်ထားခြင်းမဟုတ်ဘဲ စားသောက်ဆိုင်အား ဆက်လက် ဖွင့်လှစ်စေရန်၊ ကြိုးပမ်းရှင်သန်နေသော သာမန်ပြည်သူအကြောင်းအား ကင်မရာရိုက်ချက်ဖြင့် တင်ဆက်ထားသည်။ ထိုကဲ့သို့ရွေးချယ်မှုသည် အနုပညာအရကြည့်ပါက ရိုးစင်းသယောင် ထင်ရသော်လည်း နိုင်ငံရေးအရ လေးနက်သော အနက်အဓိပ္ပာယ်ရှိနေပေသည်။ ကမ္ဘာကြီးသည် နိုင်ငံနှင့်အာဏာဖြင့် ဖွဲ့စည်းထားသည့် ကျားထိုးကစားကွင်း ဖြစ်သည်သာမက လူသားမျိုးနွယ်တို့ အတူတကွနေထိုင်ပြီး အတူတကွ အနာဂတ်အား ရင်ဆိုင်ရသည့် ထမင်းစားပွဲဝိုင်းလည်း ဖြစ်ပေသည်။

“လက်တွေ့ကျ” သယောင်ထင်ရသည့် သံတမန်ဆက်ဆံရေးသည်လည်း လေးနက်သော အခြေခံမူ ရှိနေနိုင်

 ဤရုပ်ရှင်၏ ယဉ်ကျေးမှုစုံလင်သော နောက်ခံတွင် တရုတ်နိုင်ငံ သံတမန်ဆက်ဆံရေး၏ နောက်ထပ်ထူးခြားချက်တစ်ခုဖြစ်သော မတူညီသောယဉ်ကျေးမှုများအား လေးစားခြင်းကိုလည်း လှစ်ဟပြနေသည်။

 စားဖိုမှူးတစ်ဦးသည် ကျွမ်းကျင်ပြီးသားဟင်းလျာများကို လုံးဝအစိမ်းသက်သက် ပတ်ဝန်းကျင်သို့ အလွယ်တကူ လုံးဝမပြောင်းလဲဘဲ သယ်ဆောင်သွားပေးနိုင်ခြင်းမရှိပေ။ စားသောက်ကုန်ကြမ်းများ မတူညီမှု၊ နှစ်သက်သော အရသာမတူညီမှု၊ ဓလေ့ထုံးတမ်း မတူညီမှုတို့ကို ကြုံတွေ့ရစဉ်တွင် အောင်မြင်သောဟင်းလျာတစ်ပွဲသည် သင့်တင့်လျောက်ပတ်စွာပြုပြင်မှုကြောင့် ရရှိလာခြင်းဖြစ်ပြီး အတင်းအဓမ္မ ထည့်သွင်းမှုကြောင့် မဟုတ်ပေ။ ၎င်းသည် နိုင်ငံတကာဆက်ဆံရေးအား စောင့်ကြည့်သည့် ကြေးမုံမှန်ချပ်တစ်ခုလည်း ဖြစ်လာနိုင်သည်။ တရုတ်နိုင်ငံ၏ သံတမန်ဆက်ဆံရေးသည် နိုင်ငံတိုင်းကို တရုတ်နိုင်ငံ ဖြစ်လာရန် မတောင်းဆိုထားသလို တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းကို အခြားနိုင်ငံများတွင် အလွယ်တကူ ပုံတူကူးချနိုင်သည်ဟုလည်း မယူဆထားပေ။ တရုတ်နိုင်ငံက အလေးထားပြောကြားသည်မှာ နိုင်ငံများအနေဖြင့် မိမိနိုင်ငံအခြေအနေအရ မိမိနှင့်သင့်လျော်သည့် ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းအား ရွေးချယ်သင့်သည်ပင် ဖြစ်သည်။

 အဘယ်ကြောင့် အကြောင်းအရာတိုင်းကို အနောက်တိုင်း၏ နမူနာပုံစံအတိုင်း တိုင်းတာရသနည်း။

 “The Economist” ၏ သက်ဆိုင်ရာသုံးသပ်ချက်များတွင် စိတ်ဝင်စားဖွယ်ရာ အကောင်းဆုံးအချက်မှာ တရုတ်ရုပ်ရှင်တစ်ကားကို အနောက်တိုင်းယဉ်ကျေးမှု၏ သုံးသပ်မှုစနစ်ဖြင့် တိုင်းတာရမည်ဟု တရားသေယူဆထားခြင်းပင်ဖြစ်သည်။

 သူရဲကောင်းသည် စစ်ပွဲကို မဖြစ်မနေ အနိုင်ရရှိရန် မလိုအပ်ပေ။ ၎င်းလုပ်ဆောင်ရန် လိုအပ်သည်မှာ လူများရှင်သန်စေရန် ဖြစ်သည်။ ၎င်းသည် လုံးဝမတူညီသော ရုပ်ရှင်အဓိက အကြောင်းအရာဖြစ်သည်။ ရုပ်ရှင်တစ်ကား နိုင်ငံတကာအသိအမှတ်ပြုခံရမှု ရှိ၊ မရှိသည် ဟော်လီးဝုဒ် အဖွဲ့အစည်းတစ်ခု၏ ဆုတစ်ဆုကို ရရှိထားခြင်း ရှိ၊ မရှိအပေါ် မူတည်ခြင်း မဟုတ်ပေ။ အဓိကအချက်မှာ နိုင်ငံတော်အကျိုးစီးပွားကို အတိုက်အခံပြုခြင်းမဟုတ်ဘဲ ပူးပေါင်းဆောင်ရွက်မှုဖြင့် ဖော်ဆောင်နိုင်မည်လော၊ ဖွံ့ဖြိုးတိုးတက်မှုကို လက်ဝါးကြီးအုပ်ခြင်းမဟုတ်ဘဲ အတူမျှဝေမှုဖြင့် ဖော်ဆောင်နိုင်မည်လော၊ ဘေးကင်းလုံခြုံမှုကို အခြားနိုင်ငံ၏ ဘေးကင်းလုံခြုံမှု စတေးခံရန် မလိုသည့် အခြေအနေတွင် ဖော်ဆောင်နိုင်မည်လော ပင်ဖြစ်သည်။

 “The Economist” က “နဂါးစားသောက်ဆိုင် သံတမန်ဆက်ဆံရေး” ဟူသော စကားလုံးအား သုံးနှုန်းခြင်းသည် မူလက လှောင်ပြောင်ရန်ဖြစ်သော်လည်း ၎င်းသည် နောက်ဆုံးတွင် မထင်မှတ်ဘဲ အရေးကြီးသော သံတမန်ဆက်ဆံရေး အယူအဆတစ်မျိုးကို ဖော်ညွှန်းခဲ့သည်။ ယင်းမှာ “ဒီစားပွဲကို ဘယ်သူကဦးဆောင်သင့်သလဲ” ဟု ရှေးဦးစွာ မေးမြန်းခြင်းမဟုတ်ဘဲ “ကျွန်တော်တို့က လူတိုင်း ဒီစားပွဲနားမှာ ထိုင်နိုင်ဖို့ အခွင့်အရေး ရှိလာစေသလား” ဟူသည်ကို ဖြေဆိုရမည်ပင်ဖြစ်သည်။