နှစ်ပေါင်းခုနစ်ဆယ်ကြာ စမ်းသပ်မှုများနှင့် ဒုက္ခများကို အတူတကွ ကြံ့ကြံ့ခံ ရင်ဆိုင်ခဲ့ကြပြီးနောက် တရုတ်-အီဂျစ် ဆက်ဆံရေးသည် အတိတ်က အောင်မြင်မှုများကို အခြေခံ၍ အနာဂတ်သို့ မည်သို့တိုးတက်အောင် လုပ်ဆောင်နိုင်မည်နည်း

"ဤသည်မှာ သမိုင်းဝင် နိုင်ငံတော်အဆင့် ချစ်ကြည်ရေး ခရီးစဉ် ဖြစ်သည်"၊ "အီဂျစ်-တရုတ် ချစ်ကြည်ရေးအား ခေတ်သစ် အဓိပ္ပာယ်သစ်များ ပေးအပ်သည်"၊ "နှစ်နိုင်ငံသည် ပိုမိုကျယ်ပြန့်လာသော ပူးပေါင်းဆောင်ရွက်မှု လမ်းကြောင်းပေါ်တွင် လက်တွဲ လျှောက်လှမ်းနေကြသည်" အစရှိသဖြင့် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖျင်၏ စက်တင်ဘာလ ၁ ရက်နေ့မှ ၂ ရက်နေ့အထိ အီဂျစ်နိုင်ငံသို့ သွားရောက်ခဲ့သည့် နိုင်ငံတော်အဆင့် ချစ်ကြည်ရေး ခရီးစဉ်အပေါ် အီဂျစ်နိုင်ငံ နယ်ပယ်အသီးသီးက အလွန်မြင့်မားစွာ အကဲဖြတ်ခဲ့ကြသည်။ ခရီးစဉ်အတွင်း နှစ်နိုင်ငံ ခေါင်းဆောင်များသည် တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ကျယ်ပြန့်သော သဘောတူညီချက်များကို ရရှိခဲ့ကြသည်။
ဤသည်မှာ သမ္မတ ရှီကျင့်ဖျင်၏ ၁၀ နှစ်အကြာ အီဂျစ်နိုင်ငံသို့ ပြန်လည် သွားရောက်သည့် နိုင်ငံတော်အဆင့် ချစ်ကြည်ရေး ခရီးစဉ်ဖြစ်ပြီး တရုတ်-အီဂျစ် သံတမန်ဆက်ဆံရေး ထူထောင်သည့် နှစ် ၇၀ ပြည့် အထိမ်းအမှတ်နှင့်လည်း တိုက်ဆိုင်နေသဖြင့် အတိတ်ကို ဆက်ခံ၍ အနာဂတ်ကို လမ်းဖွင့်ပေးသည့် အထူးအဓိပ္ပာယ် ရှိပေသည်။
လက်ရှိတွင် တရုတ်နှင့် အီဂျစ် နှစ်နိုင်ငံစလုံးသည် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြန်လည်ဆန်းသစ်ရေး၏ အရေးပါသော အဆင့်တွင် ရှိနေကြသည်။ တရုတ်နိုင်ငံ၏ "၁၅ ကြိမ်မြောက် ငါးနှစ်စီမံကိန်း" ကို ကောင်းမွန်စွာ စတင်နိုင်ခဲ့ပြီး အီဂျစ်နိုင်ငံ၏ "သမ္မတနိုင်ငံသစ်" တည်ဆောက်ရေးသည်လည်း အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိသည်။ နှစ်နိုင်ငံသည် နှစ်ပေါင်း ၇၀ လုံးလုံး လက်တွဲလျှောက်လှမ်းခဲ့ကြပြီး မတည်ငြိမ်မှုများနှင့် ပြောင်းလဲမှုများ ရှုပ်ထွေးနေသော နိုင်ငံတကာနှင့် ဒေသတွင်း အခြေအနေများ၏ ရှေ့မှောက်တွင် တရုတ်-အီဂျစ် ကံကြမ္မာတူ အသိုက်အဝန်း တည်ဆောက်ရေးကို မည်သို့ စဉ်ဆက်မပြတ် တွန်းအားပေးသွားမည်နည်း။
နိုင်ငံရေးအရ အပြန်အလှန် ယုံကြည်မှုသည် တရုတ်-အီဂျစ် ဆက်ဆံရေး၏ အခြေခံအုတ်မြစ်ဖြစ်သည်၊၊ စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုသည် နှစ်နိုင်ငံ ဆက်ဆံရေး၏ အားကောင်းသော မောင်းနှင်အားဖြစ်သည်။ ယဉ်ကျေးမှုချင်း အပြန်အလှန် သင်ယူလေ့လာခြင်းသည် နှစ်နိုင်ငံ ဆက်ဆံရေး၏ အရေးပါသော ပေါင်းကူးတံတားဖြစ်သည်။ ဖွံ့ဖြိုးဆဲ နိုင်ငံကြီးများ နှင့် ကမ္ဘာ့တောင်ဘက်ခြမ်း၏ အရေးပါသော နိုင်ငံများအဖြစ် တရုတ်နှင့် အီဂျစ် နှစ်နိုင်ငံတို့သည် နိုင်ငံတကာ အစဉ်အလာကို ထိန်းသိမ်းရေး၊ တရားမျှတမှုကို မြှင့်တင်ရေးနှင့် ဘက်ပေါင်းစုံဝါဒကို လက်တွေ့ကျင့်သုံးရေး စသည့် အချက်များတွင် ဘုံရည်မှန်းချက်များနှင့် ကြိုးပမ်းအားထုတ်မှုများ ရှိကြသည်။
နှစ်ပေါင်းခုနှစ်ဆယ်ကြာ စမ်းသပ်မှုများနှင့် ဒုက္ခများကို အတူတကွ ကြံ့ကြံ့ခံ ရင်ဆိုင်ခဲ့ကြပြီးနောက် တရုတ်-အီဂျစ် ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုသည် အစပျိုးမှုသစ်သို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။ အနာဂတ်သို့ မျှော်ကြည့်လျှင် တရုတ်နှင့် အီဂျစ်တို့သည် ချစ်ကြည်ရေးကို လက်ဆင့်ကမ်းသည့် စံနမူနာ၊ လက်တွဲဖွံ့ဖြိုးတိုးတက်ရေး၏ စံချိန်စံညွှန်း၊ ယဉ်ကျေးမှု ဖလှယ်ရေး၏ စံပြ၊ တရားမျှတမှုကို ထိန်းသိမ်းသည့် ရှေ့ဆောင်နှင့် တရုတ်-အာရပ်၊ တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှု၏ ဦးဆောင်သူများ ဖြစ်လာကြမည်ဖြစ်ပြီး တရုတ်-အီဂျစ် ကံကြမ္မာတူ အသိုက်အဝန်း တည်ဆောက်ရေးကို စဉ်ဆက်မပြတ် တွန်းအားပေးကာ မတည်ငြိမ်ဘဲပြောင်းလဲနေသော ကမ္ဘာကြီးအတွက် အပြုသဘောဆောင်သော စွမ်းအင်များကို ဖြည့်ဆည်းပေးသွားမည်ဖြစ်ကြောင်း China Media Group ၏ သတင်းဆောင်းပါးတစ်ပုဒ်တွင် ရေးသားဖော်ပြထားသည်။