မိုဟန်မြို့နယ်၏ အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းအသီးသီးကို စနစ်တကျ ဆောင်ရွက်လျက်ရှိ
ဆက်တိုက်မိုးသည်းထန်စွာရွာသွန်းမှု အကျိုးဆက်ကြောင့် ကူမင်းမြို့ ရေကြီးမှုနှင့်မိုးခေါင်ရေရှားမှု ကာကွယ်ထိန်းချုပ်ရေး ဌာနချုပ်သည် သြဂုတ်လ ၂၉ ရက် ၁၄ နာရီ ၃၀ မိနစ်မှစ၍ မိုဟန်-မိုဒင် စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးဇုန်အတွက် ရေကြီးမှုကာကွယ်ရေး အဓိကအဆင့် (Level II) အရေးပေါ်တုံ့ပြန်မှုကို စတင်ခဲ့သည်။

အရေးပေါ်တုံ့ပြန်မှု စတင်ပြီးနောက် မိုဟန်သည် ယန်းထန်းရေလှောင်တမံ ဘေးအန္တရာယ်ကင်းရှင်းရေး စီမံဆောင်ရွက်မှုကို အချိန်မီဆောင်ရွက်ခဲ့ရာ လက်ရှိတွင် ရေလွှဲလမ်းကြောင်းသစ်တစ်ခုကို ဖွင့်လှစ်ထားပြီး ဖြစ်သည်၊ ရေလွှဲထုတ်နိုင်သည့် စွမ်းရည်ကို မြှင့်တင်ပေးခဲ့ကာ ရေလှောင်တမံ၏ ရေပိုလွှဲမှာ ချောမွေ့လျက်ရှိသည်။ ယခုအချိန်အထိ လူဦးရေ ၈၁၁၅ ဦးကို အရေးပေါ် ရွှေ့ပြောင်းပေးခဲ့ပြီး ဖြစ်သည်။
ပစ္စည်းကိရိယာ အာမခံချက်ပိုင်းတွင် မိုးကာတဲ ၄၀၀၊ ဂွမ်းစောင် ၄၀၀၀၊ ခေါက်ဆွဲခြောက် ၁၅၀၀ ပုံးနှင့် သောက်ရေ ၁၁၀၀ သေတ္တာ စသည့်ကယ်ဆယ်ရေးပစ္စည်းများကို စုစည်းနေရာချထားရေးစခန်းများသို့ အရေးပေါ် ဖြန့်ဝေပေးခဲ့ပြီးဖြစ်ကာ လူနေမှုဘဝဆိုင်ရာ ပစ္စည်းအမျိုးမျိုးကို အပြည့်အဝ ထောက်ပံ့ထားသဖြင့် ရွှေ့ပြောင်းပြည်သူများ၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ပါသည်။ ပူးပေါင်းဆောင်ရွက်ရေးဇုန်သည် စုစည်းနေရာချထားရေးစခန်းသို့ ဆေးဝါးကုသမှုနှင့် ကျန်းမာရေးစောင့်ကြည့်မှုများ ဆောင်ရွက်ရန် လူနာတင်ယာဉ် ၆ စီးကိုလည်း ညှိနှိုင်းစေလွှတ်ထားသည်။ ထို့ပြင် မိုးလေဝသခန့်မှန်းချက်များအရ မိုဟန်ပိုင်နက်အတွင်းရှိ မူလတန်းနှင့် အလယ်တန်းကျောင်းများ၏ ကျောင်းဖွင့်ရက်ကို နောက်ဆုတ်ထားမည် ဖြစ်သည်။
အခြေခံအဆောက်အအုံ ပြုပြင်ရေးပိုင်းတွင် ကူမင်းမြို့ အရေးပေါ်စီမံခန့်ခွဲရေး၊ လမ်းပန်းဆက်သွယ်ရေး၊ မြို့ပြတည်ဆောက်ရေး စသည့်ဌာနများမှ ကျွမ်းကျင်သူနှင့် နည်းပညာဝန်ထမ်း ၅၀ ကျော်သည် ဆက်သွယ်ရေးအာမခံချက်နှင့် ရေပြင်ကယ်ဆယ်ရေး စက်ကိရိယာ ၅၀ (စုံ) ကို ယူဆောင်၍ မိုဟန်သို့ သွားရောက်ခဲ့ကြသည်။ မီးသတ်ကယ်ဆယ်ရေးဌာနမှ တပ်ဖွဲ့ဝင် ၃၁၅ ဦး၊ ယာဉ် ၈၄ စီးနှင့် လှေ ၄၀ စီးတို့ဖြင့် အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။ ဆက်သွယ်ရေးအာမခံချက်ပိုင်းတွင် လူအင်အား ၆၆ ဦး၊ ဆက်သွယ်ရေးအာမခံချက်ယာဉ် ၆၈ စီး စေလွှတ်၍ ပြုပြင်ရေးလုပ်ဆောင်ခဲ့ရာ အခြေစိုက်စခန်း ၄၉ ခုကို ပြန်လည်ကောင်းမွန်စေခဲ့ပြီး ဖိုင်ဘာကေဘယ်လ် (Optical cable) ၄.၈ ကီလိုမီတာကို ပြန်လည်ဆက်သွယ်နိုင်ခဲ့ကာ သုံးစွဲသူ ၄၃၈၆ ဦး၏ ဆက်သွယ်ရေးကို ပြန်လည်ကောင်းမွန်စေခဲ့သည်။ လမ်းပန်းဆက်သွယ်ရေးပိုင်းတွင် ကူမင်း-မိုဟန် အမြန်လမ်းမကြီးသည် အရေးပေါ်ယာဉ်များ သွားလာနိုင်ရန် လမ်းကြောင်းတစ်ခုကို ပြန်လည်ဖွင့်လှစ်ပေးခဲ့ပြီး အမျိုးသားအဝေးပြေးလမ်းမ ၂၁၃ ၏ မိုဟန်အပိုင်းကို ၃၀ ရက်နေ့ ၁၆ နာရီတွင် ပြန်လည်ဖွင့်လှစ်ခဲ့သည်။ လျှပ်စစ်ဓာတ်အား အဆောက်အအုံများ စစ်ဆေးခြင်းနှင့် ပြုပြင်ခြင်းလုပ်ငန်းများကို အစွမ်းကုန် ဆောင်ရွက်လျက်ရှိသည်။