中文 English {{ activeLangText || 'Languages' }} {{ item.text }}
ယူနန်ပြည်နယ်၏ ဇီဝမျိုးစုံမျိုးကွဲနှင့် တိုင်းရင်းသားဂေဟယဉ်ကျေးမှု ပူးပေါင်းကာကွယ်ရေး လက်တွေ့လုပ်ဆောင်ချက်များကို COP17 တွင် မိတ်ဆက်ပြသ
သတင်း > အကြောင်းအရာ

ယူနန်ပြည်နယ်၏ ဇီဝမျိုးစုံမျိုးကွဲနှင့် တိုင်းရင်းသားဂေဟယဉ်ကျေးမှု ပူးပေါင်းကာကွယ်ရေး လက်တွေ့လုပ်ဆောင်ချက်များကို COP17 တွင် မိတ်ဆက်ပြသ

云南日报|
分享到Facebook

အောက်တိုဘာလ ၂၆ ရက်နေ့တွင် ကုလသမဂ္ဂ "ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ ကွန်ဗင်းရှင်း"၏ (၁၇)ကြိမ်မြောက် ကွန်ရက်ဝင်များ ညီလာခံ (COP17) ၏ "တရုတ်နိုင်ငံဆိုင်ရာ အပိုင်း" ယူနန် အထူးလှုပ်ရှားမှုအစီအစဥ်များကို အာမေးနီးယားနိုင်ငံ၏ မြို့တော်ယေရီဗန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ယူနန်ပြည်နယ်သည် "ကူမင်းမြို့မှ ယေရီဗန်ဆီသို့ - ဇီဝမျိုးစုံမျိုးကွဲနှင့် ယဉ်ကျေးမှုအမျိုးစုံလင်မှု" ဟူသောခေါင်းစဉ်ကို အခြေခံ၍ လူသားနှင့် သဘာဝတရားတို့ သဟဇာတဖြစ်စွာ အတူယှဉ်တွဲ အသက်ရှင်နေထိုင်ကြသည့် တရုတ်နိုင်ငံ၏ အကြောင်းအရာများကို ကမ္ဘာတစ်ဝှမ်းသို့ အသက်ဝင်လှပစွာ ပြောပြခဲ့ပါသည်။  

​ယခုအကြိမ် လှုပ်ရှားမှုအစီအစဥ်သည် ဇီဝမျိုးစုံမျိုးကွဲနှင့် တိုင်းရင်းသားယဉ်ကျေးမှု ပူးတွဲရှင်သန်မှုဆိုင်ရာ ဒေသဆိုင်ရာ လက်တွေ့လုပ်ဆောင်ချက်များကို ဝန်းရံကျင်းပခဲ့ပြီး အစိုးရ၊ နိုင်ငံတကာ အဖွဲ့အစည်းများ၊ သိပ္ပံသုတေသန အဖွဲ့အစည်းများ၊ ဈေးကွက် စီးပွားရေး အဖွဲ့အစည်းများ၊ ဒေသဆိုင်ရာ အသိုက်အဝန်းများနှင့် နည်းပညာကုမ္ပဏီများ စသည့်ဘက်စုံပါဝင်သည့် အစုအဖွဲ့များကို စုစည်းကာ ဒေသဆိုင်ရာအဆင့်မှတဆင့် မူဘောင်အကောင်အထည်ဖော်မှုကို တွန်းအားပေးသည့် ဆန်းသစ်သော လမ်းကြောင်းများကို မျှဝေခဲ့ကြပြီး ကမ္ဘာလုံးဆိုင်ရာ ဇီဝမျိုးစုံမျိုးကွဲ စီမံခန့်ခွဲမှုအတွက် အတုယူ အကိုးအကားပြုနိုင်သည့် ဒေသဆိုင်ရာ လက်တွေ့အတွေ့အကြုံများကို ကူညီပံ့ပိုးပေးခဲ့ပါသည်။

​တူနီးရှား၊ ထိုင်း စသည့်နိုင်ငံအများအပြားမှ သက်ဆိုင်ရာ ဌာနဆိုင်ရာ ကိုယ်စားလှယ်များ၊ ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် ဦးစီးဌာန (UNDP) အပါအဝင် နိုင်ငံတကာအဖွဲ့အစည်း ၆ ခု၏ ကိုယ်စားလှယ်များ၊ တရုတ် ဂေဟစနစ် ပတ်ဝန်းကျင်သိပ္ပံသုတေသန အကယ်ဒမီ၊ ဂေဟပတ်ဝန်းကျင်ဝန်ကြီးဌာန ဂြိုဟ်တုပတ်ဝန်းကျင်အသုံးချရေးစင်တာ၊ တရုတ်သိပ္ပံအကယ်ဒမီ ဆစ်ဆောင်ပန်နား အပူပိုင်းရုက္ခဗေဒ ဥယျာဉ်၊ တရုတ်သိပ္ပံအကယ်ဒမီ ကူမင်းရုက္ခဗေဒသုတေသန အင်စတီကျုမှ ပညာရှင်များနှင့် ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ စီးပွားရေးလုပ်ငန်း ကိုယ်စားလှယ်များက အသီးသီး ဆွေးနွေးပြောကြားခဲ့ကြပါသည်။ လီကျန်းမြို့ ကျောက်တုံးမြို့ကျေးရွာ၏ သက်ဆိုင်ရာ တာဝန်ရှိသူ၊ ဖူအော်မြို့ ဝလူမျိုး ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းလက်ဆင့်ကမ်းသူ၊ ဆစ်ဆောင်ပန်နား ဂျီနိုလူမျိုး ရိုးရာအစားအစာဆိုင်ရာ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းလက်ဆင့်ကမ်းသူ ကိုယ်စားလှယ်၊ တာ့လီပိုင်လူမျိုး ရိုးရာချည်ထည်ဆေးဆိုးပညာ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းလက်ဆင့်ကမ်းသူနှင့် တိုင်းရင်းသားအနည်းစု ကိုယ်စားလှယ်များသည် "တိုင်းရင်းသား ရိုးရာအသိပညာ ကာကွယ်ထိန်းသိမ်းမှု၊ လက်ဆင့်ကမ်းမှုနှင့် ရေရှည်တည်တံ့စွာ အသုံးချမှု" ကို အဓိကထားကာ ဇီဝမျိုးစုံမျိုးကွဲ ကာကွယ်ထိန်းသိမ်းရေးနှင့် တိုင်းရင်းသား ဂေဟယဉ်ကျေးမှု ပူးတွဲရှင်သန်မှုဆိုင်ရာ လက်တွေ့ဖြစ်ရပ် အကြောင်းအရာများကို မျှဝေခဲ့ကြပါသည်။

​လှုပ်ရှားမှုအစီအစဥ် ကျင်းပရာနေရာတွင် ယူနန်ပြည်နယ်၏ ဇီဝမျိုးစုံမျိုးကွဲ ကာကွယ်ရေး ရလဒ်များ ပြပွဲကို ခင်းကျင်းပြသခဲ့ပြီး ပိုင်လူမျိုး ရိုးရာချည်ထည်ဆေးဆိုးခြင်း အတွေ့အကြုံ ခံစားခြင်း၊ ရှေးဟောင်း လက်ဖက်ပင်နှင့် ဂေဟစနစ်ကော်ဖီ မြည်းစမ်းခြင်း၊ ဒုန်းပါးစာပေ ရေးသားခြင်း စသည့်ယူနန်ပြည်နယ်၏ ထူးခြားချက်များ ပါဝင်သော လှုပ်ရှားမှုအစီအစဥ်များသည် တက်ရောက်လာကြသည့် ဧည့်သည်တော်များကို ဆွဲဆောင်နိုင်ခဲ့ပြီး ပါဝင်လှုပ်ရှားစေခဲ့ပါသည်။ အထည်ဆေးဆိုးခြင်းပညာရပ် ပြသသူများက လာရောက်ကြည့်ရှုသူများကို ကျင်ဖိန်လိပ်ပြာပုံစံ လက်ကိုင်ပုဝါပြုလုပ်ပုံကို လမ်းညွှန်ပြသပေးခဲ့ပြီး သဘာဝသစ်ပင်ဆိုးဆေးများ၏ အရင်းအမြစ်နှင့် ရိုးရာဆိုးဆေးနည်းပညာတွင် အသုံးပြုပုံများကို ရှင်းပြခဲ့ပါသည်။ လက်ဖက်ရည်နှင့် ကော်ဖီမြည်းစမ်းသည့် အပိုင်းတွင် တာဝန်ရှိသူများက ရှေးဟောင်း လက်ဖက်တော ဂေဟစနစ်ကာကွယ်ရေး၊ သစ်တောအရိပ်ရ ကော်ဖီစိုက်ပျိုးခြင်း စသည့်ဆိုင်ရာ ဗဟုသုတများကို မိတ်ဆက်ပေးခဲ့ပါသည်။

​လှုပ်ရှားမှုကာလအတွင်း နိုင်ငံတကာအဖွဲ့အစည်းများ၊ သိပ္ပံသုတေသန အဖွဲ့အစည်းများ၊ ကုမ္ပဏီများနှင့် စွန့်ဦးတီထွင်မှု အထောက်အပံ့ပလက်ဖောင်းတို့က "တောင်တန်း ဇီဝစီးပွားရေး" ဒေသတွင်းပူးပေါင်းဆောင်ရွက်မှု၊ ဂေဟစနစ် ထွက်ကုန်များ ဖွံ့ဖြိုးတီထွင်ရေး၊ ရေရှည်တည်တံ့သော တန်ဖိုးကွင်းဆက်နှင့် အသိုက်အဝန်း ပါဝင်ပတ်သက်မှုဆိုင်ရာ ဖြစ်ရပ်များကို ဆက်တိုက် မျှဝေခဲ့ကြပြီး ယူနန်ပြည်နယ်၏ လက်တွေ့လုပ်ဆောင်ချက်များကို အခြေခံကာ ဖလှယ်နိုင်သော၊ ချိတ်ဆက်နိုင်သော၊ ဆက်လက်အကောင်အထည်ဖော်နိုင်သော ပူးပေါင်းဆောင်ရွက်ရေး အကြောင်းအရာများကို တွန်းအားပေး ဖော်ထုတ်ခဲ့ကြကာ "အားလုံးအကျုံးဝင်သော တောင်တန်းဒေသ ဇီဝစီးပွားရေး · ယေရီဗန် ကြေညာစာတမ်း"ကို ထုတ်ပြန်ခဲ့ပါသည်။