中文 English {{ activeLangText || 'Languages' }} {{ item.text }}
မုန်ဟိုင် တာလော့မြို့နယ် - "ခြေတစ်လှမ်းတည်းဖြင့် နိုင်ငံနှစ်နိုင်ငံကို ဖြတ်ကျော်ခြင်း" မှသည် အိမ်တံခါးဝတွင် ချမ်းသာကြွယ်ဝလာခြင်းဆီသို့
ယဉ်ကျေးမှုခရီးသွား > အကြောင်းအရာ

မုန်ဟိုင် တာလော့မြို့နယ် - "ခြေတစ်လှမ်းတည်းဖြင့် နိုင်ငံနှစ်နိုင်ငံကို ဖြတ်ကျော်ခြင်း" မှသည် အိမ်တံခါးဝတွင် ချမ်းသာကြွယ်ဝလာခြင်းဆီသို့

云南日报|
分享到Facebook

ယူနန်ပြည်နယ် မုန်ဟိုင်ခရိုင် တာလော့မြို့နယ် လုံလီကျေးရွာရှိ နယ်စပ် ဈေးငယ်လေးတွင် တိုင်(ရှမ်း) တိုင်းရင်းသူအချို့သည် လတ်လတ်ဆတ်ဆတ် ချက်ခြင်း ခူးဆွတ်ထားကြသော နဂါးမောက်သီး၊ ပင်မှည့်သီး၊ ငှက်ပျောသီး၊ သင်္ဘောသီးများကို ဝါးခြင်းတောင်းများထဲသို့ သပ်ရပ်စွာ ထည့်သွင်းနေကြပြီး ချိုမြိန်သော သီးနှံရနံ့များသည် မြစ်လေနှင့်အတူ လွင့်ပျံ့လာကာ နယ်စပ်မျဉ်းပေါ်ရှိ လူနေမှုဘဝ အငွေ့အသက်မှာ နွေးထွေးစွာ မြင့်တက်လာခဲ့ပါသည်။

    လုံလီကျေးရွာသည် နယ်စပ်မျဉ်းမှ ကီလိုမီတာ ၁.၇ သာ ကွာဝေးပါသည်။ "အရင်တုန်းက ရွာရဲ့ဘဝကလည်း အတော်လေး ကျပ်တည်းခဲ့ပါတယ်" ဟု လုံလီကျေးရွာအုပ်စု ပါတီဌာနခွဲ အတွင်းရေးမှူး ယွီအယ်နန်က ပြောကြားခဲ့ပြီး "တစ်နေ့ကျရင် အိမ်တံခါးဝမှာတင် ကမ္ဘာအရပ်ရပ်က ခရီးသွားတွေကို သစ်သီးတွေ ရောင်းချနိုင်လိမ့်မယ်လို့ ဘယ်သူမှ မတွေးခဲ့မိပါဘူး" ဟု ဆိုပါသည်။

အပြောင်းအလဲမှာ "ကျေးဇူဆပ်တံတား"ယာဉ်သွားလာမှု စတင်နိုင်ချိန်တွင် ပေါ်ပေါက်လာခဲ့ပါသည်။ လမ်းပန်းဆက်သွယ်ရေး ပွင့်လင်းလာပြီးနောက် ကျေးရွာသူရွာသားများ ခရီးသွားလာရန် အဆင်ပြေလာကာ သစ်သီးဝလံများ ရောင်းချရရန်အတွက်လည်း စိုးရိမ်စရာ မရှိတော့ဘဲ ခရီးသွားလာရေး လုပ်ငန်းများလည်း ဆက်လက် ဝင်ရောက်လာခဲ့ကာ နယ်စပ်ခရီးသွားလာရေး၊ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံခူးဆွတ်ရေး၊ စားသောက်ဆိုင်နှင့် တည်းခိုခန်းများကို ချိတ်ဆက်ထားသည့် ပြီးပြည့်စုံသော ကုန်ထုတ်လုပ်ငန်း ကွင်းဆက်တစ်ခုကို ဖြစ်ပေါ်စေခဲ့ပါသည်။ ၂၀၂၅ ခုနှစ်တွင် တစ်ရွာလုံးအနေဖြင့် ခရီးသွားဧည့်သည် ၁၂.၇၅ သိန်းအထိ လက်ခံတွေ့ဆုံခဲ့ပြီး ခရီးသွားလာရေး ပေါင်းစပ် ဝင်ငွေ ယွမ် ၁.၈၄၈၂ သန်း ရှိကာ ကျေးရွာသူရွာသား တစ်ဦးချင်းစီ၏ တစ်နှစ်တာ ပျမ်းမျှ ဝင်ငွေမှာ ယွမ် ၂၈၀၀၀ သို့ ရောက်ရှိခဲ့ပါသည်။ "အရင်တုန်းက နယ်စပ်မှာနေပြီး ဆင်းရဲမွဲတေခဲ့ရတယ်၊ အခုဆိုရင် နယ်စပ်ကို အမှီပြုပြီး ချမ်းသာကြွယ်ဝလာပါပြီ" ဟု ယွီအယ်နန်က ပြောကြားခဲ့ပါသည်။

လုံလီရွာနှင့် အနီးဆုံးဖြစ်သော ကျင်းလိုင်းရွာတွင်မူ တရုတ်-မြန်မာ နယ်နိမိတ် အမှတ် ၂၂၉ ကျောက်တိုင်ကို ရွာလယ်တွင် စိုက်ထူထားရှိခြင်းကြောင့် "တရုတ်-မြန်မာ ပထမဆုံးရွာ" ဟူ၍ ဂုဏ်ပြု ခေါ်ဝေါ်ကြပါသည်။ ရွာတံခါးဝသို့ ဝင်ရောက်လိုက်သည်နှင့် အဝါရောင်နှင့် ခရမ်းရောင် ရောယှက်နေသော ကြာပန်းများက ရေကန်ပြင်အပြည့် ဖုံးလွှမ်းနေသည်ကို တွေ့ရပါသည်။ ရွာထိပ်ရှိ ကြီးမားသော သစ်ပင်ကြီးအောက်တွင် အိုင်ဝါလော့သည် တပည့်နှစ်ဦးကို ခေါ်ဆောင်ကာ ကြိုးတပ်တူရိယာများကို တီးခတ်ရင်း ဆုတောင်းမေတ္တာ ပို့သသည့် သီချင်းများကို သီဆိုနေကြပါသည်။

ကျင်းလိုင်း ကျေးရွာအုပ်စု ပါတီဌာနခွဲ အတွင်းရေးမှူး အိုင်ဝမ်ရှန်၏ မိတ်ဆက်ပြောကြားချက်အရ ရွာထဲတွင် ရှေးဟောင်းသစ်ပင်များ၊ ရှေးဟောင်းဘုန်းကြီးကျောင်းများနှင့် ရှေးဟောင်းစေတီပုထိုးများ အလှူအတန်း ဆက်စပ်လျက်ရှိပြီး တိုင်(ရှမ်း)တိုင်းရင်းသားလူမျိုးတို့၏ ရိုးရာ လက်ဖြင့် ပုံဖော်သည့် မြေအိုးလုပ်ငန်း၊ ရှေးဟောင်းနည်းပညာဖြင့် သကြားထုတ်လုပ်သည့် လုပ်ငန်းနှင့် တိုင်(ရှမ်း)တိုင်းရင်းသားလူမျိုးတို့၏ အထည်အလိပ် ရက်လုပ်သည့် ပညာရပ်များသည် ဘိုးဘေးဘီဘင်တို့ လက်ဆင့်ကမ်းပေးခဲ့သော လက်မှုပညာများ ဖြစ်ကြကာ ပေရွက် စာကြည့်တိုက်အတွင်းရှိ ပေရွက်ပေါ်တွင် ထွင်းထုထားသော ကျမ်းစာပေများသည် နှစ်ထောင်ပေါင်းများစွာ တိုင်အောင် စီးဆင်းလာခဲ့ခြင်း ဖြစ်ကြောင်း သိရှိရပါသည်။ "ခရီးသွားတွေ ရောက်လာတဲ့အခါ တောင်နဲ့ရေကို ကြည့်ရုံတင်မကဘဲ ကျွန်ုပ်တို့ရဲ့ ယဉ်ကျေးမှုကိုလည်း ခံစားနိုင်ကြပါတယ်။ တိုင်းရင်းသားလူမျိုး အသီးသီးက ဆွေမျိုးသားချင်းတွေ အတူတကွ လက်တွဲပြီး ဒါတွေကို အမှီပြုကာ ဘဝတွေကို ပိုမိုသိုက်မြိုက်နွေးထွေးလာအောင် ဖန်တီးနေကြပါတယ်" ဟု ဆိုပါသည်။

နယ်နိမိတ် ကျောက်တိုင်ရှေ့တွင် ရပ်၍ အဝေးကို လှမ်းမျှော်ကြည့်လိုက်လျှင် တာလော့မြစ်သည် တိတ်ဆိတ်စွာ စီးဆင်းနေပြီး လုံလီရွာ၏ သစ်သီးရနံ့များနှင့် ကျင်းလိုင်းရွာ၏ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် တေးဂီတသံစဉ်များသည် အချင်းချင်း အပြန်အလှန် ပဲ့တင်ထပ်နေကြပါသည်။ နယ်စပ်ကျေးရွာများ အချင်းချင်း အသွားအလာ ဖလှယ်ခြင်း၊ ဆက်ဆံရေး တည်ဆောက်ခြင်းနှင့် ပေါင်းစည်းခြင်းတို့ ပြုလုပ်လျက်ရှိကြပြီး တိုင်းရင်းသားလူမျိုးစု အသီးသီးမှ ပြည်သူများသည် အိမ်တံခါးဝကို စောင့်ရှောက်ကာ စီးပွားရေးလုပ်ငန်းများကို ဖော်ဆောင်နေကြကာ လုပ်ငန်းများကို မိခင်မြေပေါ်တွင် စိုက်ပျိုးပြီး ယဉ်ကျေးမှုကို အရပ်လေးမျက်နှာသို့ ဖြန့်ဝေကာ တူညီသော နယ်စပ် မြေပြင်ပေါ်တွင် လက်တွဲ၍ ကောင်းမွန်သော အနာဂတ်ဆီသို့ ပြေးလှမ်းနေကြပါသည်။