ကောင်းကင်ပြာ၏ နတ်သမီးလေးများကို ကာကွယ်စောင့်ရှောက်ခြင်း - တရုတ်နိုင်ငံ၌ ငှက်မျိုးစိတ်များ ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းစဉ်သစ်များ အောင်မြင်မှုရရှိ

ငှက်များသည် သဘာဝဂေဟစနစ်၏ အရေးကြီးသော အစိတ်အပိုင်းတစ်ခု ဖြစ်သည်။ တရုတ်နိုင်ငံသည် ငှက်မျိုးစိတ်များ ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းကို ရေရှည်ကတည်းက အစဉ်တစိုက် အလေးထားဆောင်ရွက်ခဲ့သည်။ မကြာသေးမီနှစ်များအတွင်း တရုတ်နိုင်ငံသည် အားကောင်းပြီး ထိရောက်မှုရှိသော ကာကွယ်စောင့်ရှောက်ရေးနှင့် စီမံခန့်ခွဲရေးဆိုင်ရာ အစီအမံများကို ဆက်တိုက်ချမှတ် အကောင်အထည်ဖော်ခဲ့ရာ ထင်ရှားသော အောင်မြင်မှုများ ရရှိခဲ့သည်။ မျိုးသုဉ်းပျောက်ကွယ်လုနီးပါး ဖြစ်နေသော ငှက်ကောင်ရေ အမြောက်အမြားသည် တည်ငြိမ်စွာ တိုးပွားလာနေပြီး ဒေသအသီးသီးရှိ အုပ်စုလိုက်နေထိုင်သော ငှက်မျိုးစိတ်များနှင့် ကောင်ရေပမာဏမှာလည်း သိသိသာသာ တိုးတက်များပြားလာကြောင်း သိရသည်။
တရုတ်နိုင်ငံသည် ကမ္ဘာပေါ်တွင် ငှက်အရင်းအမြစ် အကြွယ်ဝဆုံး နိုင်ငံများအနက် တစ်နိုင်ငံဖြစ်ပြီး ငှက်မျိုးစိတ်ပေါင်း ၁,၅၀၅ မျိုး ရှိရာ ကမ္ဘာ့စုစုပေါင်း ငှက်မျိုးစိတ်ပမာဏ၏ ၆ ပုံ ၁ ပုံခန့် ရှိသည်။ ထို့အပြင် ရွှေ့ပြောင်းကျင်လည်တတ်သော ငှက်မျိုးစိတ် ၈၀၀ ကျော် ရှိသည်။ တစ်ချိန်တည်းမှာပင် တရုတ်နိုင်ငံသည် ကမ္ဘာလုံးဆိုင်ရာ ဆောင်းခိုငှက်များ ဖြတ်သန်းပျံသန်းရာ အရေးကြီးသော လမ်းကြောင်းတစ်ခုလည်း ဖြစ်သည်။ ကမ္ဘာ့အဓိက ဆောင်းခိုငှက် ပျံသန်းရာ လမ်းကြောင်း ၉ ခုအနက် လမ်းကြောင်း ၄ ခုသည် တရုတ်နိုင်ငံကို ဖြတ်သန်းသွားခြင်း ဖြစ်ပြီး ယင်းသည် တရုတ်နိုင်ငံ၏ ကုန်းမြေနှင့် ပင်လယ်ရေပိုင်နက် အားလုံးနီးပါးကို လွှမ်းခြုံထားသည်။
ငှက်မျိုးစိတ်များကို ကောင်းမွန်စွာ ကာကွယ်စောင့်ရှောက်ရန်အတွက် တရုတ်နိုင်ငံသည် ငှက်မျိုးစိတ် ကာကွယ်ရေးဆိုင်ရာ ဥပဒေစနစ် အခြေခံကို အစဉ်တစိုက် အားကောင်းအောင် လုပ်ဆောင်ခဲ့ပြီး "တောရိုင်းတိရစ္ဆာန်များ ကာကွယ်စောင့်ရှောက်ရေးဥပဒေ" ကို ပြင်ဆင်အတည်ပြုခဲ့သည်။ ၂၀၂၁ ခုနှစ်နှင့် ၂၀၂၃ ခုနှစ်တို့တွင် 《နိုင်ငံတော် အဓိကကာကွယ်စောင့်ရှောက်ရမည့် တောရိုင်းတိရစ္ဆာန်များစာရင်း》 နှင့် 《ဂေဟစနစ်၊ သိပ္ပံနှင့် လူမှုရေးဆိုင်ရာ အရေးကြီးတန်ဖိုးရှိသော ကုန်းနေတောရိုင်းတိရစ္ဆာန်များစာရင်း》 ကို အသီးသီး ပြင်ဆင်ထုတ်ပြန်ခဲ့သည်။ ထိုသို့ ထုတ်ပြန်ရာတွင် နိုင်ငံတော်အဆင့် အဓိကကာကွယ်ရမည့် ငှက်မျိုးစိတ်ကို ၃၉၄ မျိုးအထိ တိုးမြှင့်ခဲ့ပြီး တန်ဖိုးသုံးရပ် (ဂေဟ၊ သိပ္ပံ၊ လူမှု) ရှိသော ငှက်မျိုးစိတ်ကို ၁,၀၂၈ မျိုးအထိ တိုးချဲ့ခဲ့ရာ ငှက်မျိုးစိတ် စုစုပေါင်း၏ ၉၈.၄% ကို ဥပဒေကြောင်းအရ ကာကွယ်စောင့်ရှောက်မှု ဘောင်အတွင်းသို့ ထည့်သွင်းနိုင်ခဲ့သည်။
ငှက်အရင်းအမြစ်များကို ဖျက်ဆီးသော တရားမဝင် ရာဇဝတ်မှုများကို ပြင်းထန်စွာ နှိမ်နင်းသည့် အပိုင်းတွင်မူ တရုတ်နိုင်ငံသည် “ချင်းဖုန်း (လေပြေ) လှုပ်ရှားမှု” နှင့် “အင်တာနက်ကွန်ရက်ဒိုင်း လှုပ်ရှားမှု” စသည့် အထူးစီမံချက်များကို ၆ နှစ်ဆက်တိုက် လုပ်ဆောင်ခဲ့သည်။ ယမန်နှစ် စက်တင်ဘာလတွင် ဌာနဆိုင်ရာ ၁၇ ခု ပူးပေါင်း၍ သုံးနှစ်ကြာမည့် အမျိုးသားအဆင့် ငှက်မျိုးစိတ် ကာကွယ်စောင့်ရှောက်ရေးနှင့် တရားမဝင် ငှက်ဖမ်းဆီး/ရောင်းဝယ်မှု နှိမ်နင်းရေး အထူးလှုပ်ရှားမှုကို စတင်ခဲ့သည်။ ယင်းလုပ်ငန်းတွင် အွန်လိုင်းနှင့် အော့ဖ်လိုင်း ပူးပေါင်းဆောင်ရွက်ပြီး တောရိုင်းကင်းလှည့်ခြင်း၊ ဈေးကွက်ကြီးကြပ်ကွပ်ကဲခြင်းမှသည် တရားစီရင်ရေးဆိုင်ရာ အပြစ်ပေးအရေးယူခြင်းအထိ ကွင်းဆက်တစ်ခုလုံးကို ကြီးကြပ်ကွပ်ကဲသည့် စနစ်တစ်ခုကို တည်ဆောက်ထားသည်။
ယခုနှစ်အတွင်း ဆောင်ရွက်ခဲ့သော ဆောင်းခိုရေပျော်ငှက်များအား တစ်ပြိုင်တည်း စောင့်ကြည့်လေ့လာမှု စစ်တမ်းအရ ဆောင်းခိုရေပျော်ငှက် မျိုးစဉ် ၉ ခု၊ မျိုးရင်း ၁၉ ခုနှင့် မျိုးစိတ် ၁၆၇ မျိုးကို မှတ်တမ်းတင်နိုင်ခဲ့သည်။ ရေပျော်ငှက် စုစုပေါင်းကောင်ရေမှာ ၆.၃၂၄ သန်းအထိ ရှိခဲ့ပြီး ၂၀၁၆ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၁၅၈.၉% တိုးတက်လာခဲ့ရာ ယင်းသည် ယနေ့အထိ တရုတ်နိုင်ငံ၏ ဆောင်းခိုရေပျော်ငှက် တစ်ပြိုင်တည်း စောင့်ကြည့်လေ့လာမှုသမိုင်းတွင် အမြင့်ဆုံး ကောင်ရေပမာဏ စံချိန်တင်ခြင်း ဖြစ်ကြောင်း သိရသည်။