တရုတ်နိုင်ငံ၏ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်စွမ်း ပမာဏ ကီလိုဝပ် ၄ ဘီလီယံ ကျော်လွန်ကာ ကမ္ဘာ့ပထမနေရာတွင် ရပ်တည်လျက်ရှိ

တရုတ်နိုင်ငံ အမျိုးသား စွမ်းအင်စီမံခန့်ခွဲမှုဦးစီးဌာန၏ ဇွန်လ ၂၅ ရက်နေ့ ကြေညာချက် ထုတ်ပြန်မှုအရ ၂၀၂၆ ခုနှစ် မေလကုန်အထိ တရုတ်နိုင်ငံ၏ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်စွမ်း ပမာဏမှာ ကီလိုဝပ် ၄.၀၁ ဘီလီယံ ရှိပြီး ပမာဏအားဖြင့် ကမ္ဘာ့ပထမနေရာတွင် ရပ်တည်နေကြောင်း သိရသည်။ ယခုပမာဏသည် အမေရိကန်၊ ဥရောပသမဂ္ဂ၊ အိန္ဒိယ၊ ဂျပန်နှင့် ရုရှားနိုင်ငံတို့၏ စုစုပေါင်းဓာတ်အား ထုတ်လုပ်နိုင်စွမ်းထက် ကျော်လွန်နေခြင်း ဖြစ်သည်။
တရုတ်နိုင်ငံ၏ စွမ်းအင်စိမ်းအသွင်ကူးပြောင်းမှုသည် ထင်ရှားသော အောင်မြင်မှုများ ရရှိခဲ့ပြီး၊ ရုပ်ကြွင်းလောင်စာမဟုတ်သော စွမ်းအင် (Non-fossil Energy) ဓာတ်အား ထုတ်လုပ်နိုင်စွမ်းသည် လျှပ်စစ်ဓာတ်အား တိုးမြှင့်ထုတ်လုပ်မှု၏ ပကတိအဓိက အစိတ်အပိုင်းဖြစ်လာကာ စွမ်းအင်ဖွဲ့စည်းတည်ဆောက်ပုံကို စဉ်ဆက်မပြတ် ပိုမိုကောင်းမွန်အောင် ဆောင်ရွက်နိုင်ခဲ့သည်။ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အချိုးအစားသည် ၂၀၁၀ ပြည့်နှစ်တွင် ၆၁ ရာခိုင်နှုန်း ရှိခဲ့ရာမှ ၂၀၂၆ ခုနှစ် မေလတွင် ၃၂ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့ပြီး၊ ရုပ်ကြွင်းလောင်စာမဟုတ်သော စွမ်းအင်ထုတ်လုပ်မှု အချိုးအစားမှာ ၂၅ ရာခိုင်နှုန်းမှ ၆၂ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ကာ၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် (Renewable Energy) ထုတ်လုပ်မှု အချိုးအစားမှာလည်း ၂၄ ရာခိုင်နှုန်းမှ ၆၁ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့သည်။ တရုတ်နိုင်ငံ၏ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်စွမ်း ကီလိုဝပ် ၁ ဘီလီယံစီ အသစ်ထပ်မံတိုးမြှင့်ရန် လိုအပ်သော အချိန်ကာလမှာလည်း စဉ်ဆက်မပြတ် တိုတောင်းလာလျက်ရှိသည်။
လက်ရှိတွင် ပထဝီနိုင်ငံရေးပဋိပက္ခ စသည့် အကြောင်းရင်းများကြောင့် နိုင်ငံတကာ စွမ်းအင်ဈေးနှုန်းများ အကြီးအကျယ် မတည်မငြိမ်ဖြစ်နေသော်လည်း တရုတ်နိုင်ငံ၏ စွမ်းအင်ထောက်ပံ့မှုမှာ အမြဲတစေ တည်ငြိမ်ပြီး စနစ်တကျ ရှိနေကာ အထူးသဖြင့် လျှပ်စစ်ဓာတ်အား ထောက်ပံ့မှုမှာ လုံလောက်ပြီး တည်ငြိမ်လျက်ရှိသည်။ အတိုင်းအတာကြီးမားပြီး ကုန်ကျစရိတ်သက်သာသော စိမ်းလန်းလျှပ်စစ်ဓာတ်အားထောက်ပံ့မှုသည် ပြည်တွင်းစက်မှုလုပ်ငန်းများ အဆင့်မြှင့်တင်ရန်၊ ပြည်သူလူထု၏ လူနေမှုဘဝ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို အာမခံရန်နှင့် တက်သစ်စ စက်မှုလုပ်ငန်းသစ်များကို ပျိုးထောင်ရန်အတွက် ခိုင်မာသော စွမ်းအင်အခြေခံအုတ်မြစ်ကို ချမှတ်ပေးခဲ့သည်။
တရုတ်နိုင်ငံ လျှပ်စစ်ဓာတ်အားလုပ်ငန်းရှင်များအဖွဲ့ချုပ်၏ အမြဲတမ်းဒုတိယဥက္ကဋ္ဌ ရန်ခွန်းက ကီလိုဝပ် ၄ ဘီလီယံ ဟူသည် လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်စွမ်းဆိုင်ရာ ကိန်းဂဏန်းတစ်ခုကို ကျော်ဖြတ်နိုင်ခဲ့ရုံသာမက တရုတ်နိုင်ငံ၏ စွမ်းအင်လုံခြုံရေး အာမခံချက်၊ ကာဗွန်နည်းပြီး စိမ်းလန်းသော အသွင်ကူးပြောင်းမှုနှင့် နည်းပညာပိုင်းဆိုင်ရာ ကိုယ်ပိုင်ရပ်တည်နိုင်စွမ်း ဟူသော တန်ဖိုးသုံးရပ်ကို စုစည်းဖော်ပြနေခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
တရုတ်နိုင်ငံ၏ လေစွမ်းအင်နှင့် နေရောင်ခြည်စွမ်းအင်သုံးထုတ်ကုန်များ ပြည်ပတင်ပို့မှု ပမာဏသည် ကမ္ဘာ့ပထမနေရာတွင် ခိုင်မာစွာ ရပ်တည်နေပြီး၊ အဆင့်မြင့် စိမ်းလန်းလျှပ်စစ်ဓာတ်အားနည်းပညာများကို ပြည်ပသို့ စဉ်ဆက်မပြတ် ပံ့ပိုးပေးလျက်ရှိကာ ကမ္ဘာ့စွမ်းအင် ကာဗွန်နည်း အသွင်ကူးပြောင်းမှုအတွက် တရုတ်နိုင်ငံ၏ စွမ်းအားများဖြင့် ပံ့ပိုးကူညီလျက်ရှိသည်။