တရုတ်-မြန်မာစီးပွားရေးစင်္ကြံအောက်မှ စီမံကိန်းများ အကောင်အထည်ဖော်ရန်နှင့် နှစ်နိုင်ငံကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရန်ဆွေးနွေး
NP News|

တရုတ်-မြန်မာစီးပွားရေးစင်္ကြံအောက်မှ စီမံကိန်းများ အကောင်အထည်ဖော်ရန်နှင့် နှစ်နိုင်ငံကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရေးကိစ္စရပ်များနှင့်ပတ်သက်၍ ဒုတိယသမ္မတ ဦးညိုစောနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဒုတိယဝန်ကြီးချုပ် မစ္စတင်းရွှယ်ရှန်တို့ ယမန်နေ့(စက်တင်ဘာ ၁၇ ရက်)က တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ နန်နင်းမြို့ လိယွမ် နိုင်ငံတော်ဧည့်ဂေဟာ၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီးရောက်ရှိစဉ် နှစ်နိုင်ငံညှိနှိုင်းဆွေးနွေးခဲ့မှုများနှင့် သဘောတူစာချုပ်များ လက်မှတ်ရေးထိုးခဲ့မှုတို့အပေါ် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်နေမှုအခြေအနေများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့ပြင် တရုတ်-မြန်မာစီးပွားရေးစင်္ကြံအောက်မှ စီမံကိန်းများ အကောင်အထည်ဖော်ရေးဆိုင်ရာ ကိစ္စရပ်များ၊ နှစ်နိုင်ငံဆက်ဆံရေး၊ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး ကိစ္စရပ်များအား ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
အလားတူ နှစ်နိုင်ငံကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရေး၊ နှစ်နိုင်ငံအကြား အွန်လိုင်းလိမ်လည်မှုအပါအဝင် နယ်စပ်ဖြတ်ကျော်မှုခင်းတိုက်ဖျက်ရေးလုပ်ငန်းများနှင့်ပတ်သက်၍လည်း ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့ပြင် ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတွင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍လည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
တွေ့ဆုံပွဲသို့ ဒုတိယသမ္မတနှင့်အတူ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ၊ ပဲခူးတိုင်းဒေသ ကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနိုင်မင်းကျော်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဝင်းမြင့်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။