တရုတ်-အာဆီယံ စီးပွားရေးခေါင်းဆောင်များ ဖိုရမ်ကို နန်းနင်းမြို့၌ ကျင်းပခဲ့

စက်တင်ဘာလ ၁၇ ရက်တွင် တရုတ်-အာဆီယံ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေး၏ အမှတ်သင်္ကေတပြ လှုပ်ရှားမှုအစီအစဉ်အဖြစ် "'ဒစ်ဂျစ်တယ်-စမတ်'ဟန်ချက်ညီ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အင်အားစုစည်း၍ လွတ်လပ်သော ကုန်သွယ်မှု ပူးပေါင်းဆောင်ရွက်ရေး စာမျက်နှာသစ်ကို အတူတကွ ပုံဖော်ကြပါစို့" ဟူသောဆောင်ပုဒ်ဖြင့် တရုတ်-အာဆီယံ စီးပွားရေးခေါင်းဆောင်များ ဖိုရမ်ကို နန်းနင်းမြို့၌ ကျင်းပခဲ့သည်။ တရုတ်နှင့် အာဆီယံ နိုင်ငံရေး၊ စီးပွားရေးနယ်ပယ်များမှ ပုဂ္ဂိုလ်များသည် လွတ်လပ်သော ကုန်သွယ်မှုဇုန် အဆင့် ၃.၀ စည်းမျဉ်းများအောက်ရှိ ဒေသတွင်း ထုတ်လုပ်မှုနှင့် ထောက်ပံ့ပို့ဆောင်မှု ကွင်းဆက် ပေါင်းစပ်ရေး၊ AI ပူးပေါင်းဆောင်ရွက်ရေး စသည့်ခေါင်းစဉ်များကို ဗဟိုပြု၍ နက်ရှိုင်းစွာ ကူးလူးဖလှယ် ဆွေးနွေးခဲ့ကြသည်။
တရုတ်နိုင်ငံသည် ၁၇ နှစ်ဆက်တိုက် အာဆီယံ၏ အကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံ အဆင့်အတန်းကို ထိန်းသိမ်းထားရှိပြီး အာဆီယံသည် ၆ နှစ်ဆက်တိုက် တရုတ်နိုင်ငံ၏ အကြီးဆုံး ကုန်သွယ်ဖက်မဟာမိတ် ဖြစ်လာခဲ့သည်။ တရုတ်-အာဆီယံ လွတ်လပ်သော ကုန်သွယ်မှုဇုန် အဆင့် ၃.၀ အဆင့်မြှင့်တင်ရေး သဘောတူစာချုပ်ကို တရားဝင်လက်မှတ်ရေးထိုးခဲ့သည်နှင့်အမျှ စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုသည် အဆင့်သစ်သို့ ကူးပြောင်းခဲ့ပြီဖြစ်သည်။
တရုတ်နိုင်ငံတကာ ကုန်သွယ်မှုမြှင့်တင်ရေးကောင်စီ (CCPIT) ဒုတိယဥက္ကဋ္ဌ လင်းဟုန်းဟုန်းက စက်မှုနှင့် စီးပွားရေးနယ်ပယ်သည် လွတ်လပ်သော ကုန်သွယ်မှု စည်းမျဉ်းများ၏ အကျိုးခံစားခွင့်ရှိသူ ဖြစ်သကဲ့သို့ စနစ်ဆိုင်ရာ ဆန်းသစ်တီထွင်မှုနှင့် ပေါင်းစည်းညီညွတ်ရေး လုပ်ငန်းစဉ်၏ တည်ဆောက်သူလည်းဖြစ်ရာ မူဝါဒဆိုင်ရာ မိတ်ဆက်ရေးနှင့် စည်းမျဉ်းများ ရှင်းလင်းဖော်ပြရေး အရှိန်အဟုန်ကို မြှင့်တင်၍ စည်းမျဉ်းများ၏ အကျိုးအမြတ်များကို ပူးပေါင်းဆောင်ရွက်မှု ရလဒ်အဖြစ် ပြောင်းလဲသင့်ကြောင်း ပြောကြားခဲ့သည်။
ဖိုရမ်ကာလအတွင်း 《ကုန်းနှင့် ပင်လယ် စမတ်ကွင်းဆက် - တရုတ်-အာဆီယံ AI နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု လေ့လာမှု စံနမူနာ ဖြစ်ရပ်မှန်များ ပေါင်းချုပ် (၂၀၂၆)》ကို ထုတ်ပြန်ခဲ့ပြီး တရုတ်နှင့် အာဆီယံ AI လက်တွေ့ကျ ပူးပေါင်းဆောင်ရွက်မှု စီမံကိန်း ၃၁ ခုကို သေချာစွာ ရွေးချယ်ထားကာ အာဆီယံ ၁၁ နိုင်ငံစလုံးကို လွှမ်းခြုံထားပြီး အခြေခံအဆောက်အအုံသစ်၊ စမတ်ကုန်ထုတ်လုပ်မှု၊ စမတ်ကုန်စည်ပို့ဆောင်ရေးစသည့် နယ်ပယ်များ ပါဝင်သည်။
မြန်မာနိုင်ငံ ဒုတိယသမ္မတ ဦးညိုစောက "ဒစ်ဂျစ်တယ်-စမတ်" ဟန်ချက်ညီ ဖွံ့ဖြိုးတိုးတက်ရေးကို အဓိကထားခြင်းသည် လက်ရှိ ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်မှု အလားအလာများနှင့် ကိုက်ညီပြီး မြန်မာနိုင်ငံအနေဖြင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် တရုတ်နိုင်ငံတို့နှင့် ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုခိုင်မာစေလိုကြောင်း ပြောကြားခဲ့သည်။ မလေးရှား တရုတ်ကုန်သည်များအသင်းချုပ် AI အဖွဲ့ ညွှန်ကြားရေးမှူး လင်းတုန်းချင်းက လွတ်လပ်သော ကုန်သွယ်မှုဇုန် အဆင့် ၃.၀ သည် ပူးပေါင်းဆောင်ရွက်မှုကို "ကုန်စည် ကုန်သွယ်မှု" မှ "ဒစ်ဂျစ်တယ် စီးပွားရေး၊ ကုန်ထုတ်ကွင်းဆက်နှင့် ဆန်းသစ်တီထွင်မှု ပူးပေါင်းဆောင်ရွက်ရေး" သို့ ဦးတည်ရန် တွန်းအားပေးခဲ့ကြောင်း ပြောကြားခဲ့သည်။ တရုတ်-အာဆီယံစင်တာ အထွေထွေအတွင်းရေးမှူးချုပ် ကျန်းလီကျုန်းက နှစ်ဖက် စက်မှုနှင့် စီးပွားရေးနယ်ပယ်များသည် ဒေသတွင်း စနစ်ဆိုင်ရာ တံခါးဖွင့်မှု အကျိုးအမြတ်များကို နက်ရှိုင်းစွာ ဖော်ထုတ်၍ ထွက်ပေါ်စ နယ်ပယ်များ၌ ပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့ကာ ဒေသတွင်း ထုတ်လုပ်မှုနှင့် ထောက်ပံ့ပို့ဆောင်မှု ကွင်းဆက်၏ ကြံ့ခိုင်မှုကို မြှင့်တင်သင့်ကြောင်း ပြောကြားခဲ့သည်။