“အာပေါင်” မှ “ခွန်းလု” ဆီသို့ - ယူနန်အာရှဆင် ကယ်ဆယ်စောင့်ရှောက်ရေးတွင် ခွဲခွာခြင်းနှင့် ပြန်လည်ဆုံစည်းခြင်း
၂၀၂၄ ခုနှစ် မေလတွင် တရုတ်နိုင်ငံ၏ ပထမဆုံး ဂြိုဟ်တုပတ်လမ်းပြ ကော်လာ တပ်ဆင်ထားပြီး တောတွင်းကျင့်ဝတ် သင်တန်းများ ပြီးမြောက်ကာ တောရိုင်းသဘာဝထဲသို့ အောင်မြင်စွာ ပြန်လည်စေလွှတ်နိုင်ခဲ့သော ကယ်ဆယ်စောင့်ရှောက်ရေးဆင် “အာပေါင်”သည် ယူနန် စစ်ဆောင်းပန်းနား အမျိုးသားအဆင့် သဘာဝထိန်းသိမ်းရေးနယ်မြေသို့ တရားဝင် ပြန်လည်ရောက်ရှိခဲ့ပါသည်။ ဤဆန်းသစ်သော လက်တွေ့ဆောင်ရွက်မှုသည် တရုတ်နိုင်ငံ၏ တောရိုင်းအာရှဆင် ကယ်ဆယ်စောင့်ရှောက်ရေး လုပ်ငန်းစဉ်ကို အဆင့်သစ်တစ်ခုသို့ တက်လှမ်းစေခဲ့ပြီး ထိုဖြစ်စဉ်နောက်ကွယ်တွင် လူနှင့် ဆင်တို့အကြား စိတ်နှလုံးလှုပ်ရှားဖွယ်ရာ ဇာတ်လမ်းတစ်ပုဒ် ရှိနေခဲ့ပါသည်။

“အာပေါင်” သည် ဖူအော်မြို့ပြဧရိယာအတွင်းသို့ ကျူးကျော်ဝင်ရောက်ခဲ့မှုကြောင့် စစ်ဆောင်းပန်းနား အာရှဆင် ကယ်ဆယ်ရေးနှင့် မျိုးပွားရေးဗဟိုဌာနသို့ ခေါ်ယူထိန်းသိမ်းခြင်း ခံခဲ့ရဖူးပါသည်။ “ဆင်ဖေဖေ” ချင်းယွိဘင်းသည် အစိမ်းသက်သက် အခြေအနေမှ အပြန်အလှန် ယုံကြည်မှု တည်ဆောက်နိုင်သည်အထိ၊ ထို့နောက် သီးသန့် နားလည်မှုများ ရရှိသည်အထိ အာပေါင်နှင့်အတူ ၅ နှစ်ကျော်ကြာ ဖော်ဆောင်ပေးခဲ့ပါသည်။ တောတွင်းသို့ ပြန်လည်စေလွှတ်သည့်နေ့တွင် ချင်းယွိဘင်းသည် မုန်လာဥနီကို လွယ်ပိုး၍ “အာပေါင်”ကို နှုတ်ဆက်ပို့ဆောင်ခဲ့ပြီး သစ်တောအုပ်အတွင်းသို့ လှည့်ထွက်သွားသော “အာပေါင်”သည် အနားသို့ ပြန်လာကာ မိမိဘေးတွင် တွယ်ကပ်၍ မခွဲခွာချင်ဘဲ ရှိနေခဲ့ဖူးပါသည်။ “သူ့ကို အချိန်ပေးခဲ့တာ အိမ်သူအိမ်သားတွေကို ပေးတာထက်တောင် ပိုများပါတယ်၊ သံယောဇဉ် အလွန်နက်ရှိုင်းခဲ့တာပါ”ဟု ချင်းယွိဘင်းက ပြန်လည်အမှတ်ရ ပြောကြားခဲ့ပါသည်။ ပြန်လည်စေလွှတ်ပြီးနောက်တွင်လည်း တောတွင်း၌ “အာပေါင်” လှုပ်ရှားသွားလာနေသည့် သတင်းများကို မကြာခဏ ရှာဖွေကြည့်ရှုခဲ့ပြီး - ဆင်အုပ်တွင် ရောနှောပါဝင်သွားသည်ကို မြင်ရလျှင် ဝမ်းမြောက်မိသလို၊ ဆင်ချင်းရန်ဖြစ်နေသည်ကို တွေ့ရလျှင် စိတ်ပူမိရာ၊ မိမိ၏ရင်သွေး ရပ်ဝေးသို့ ထွက်ခွာသွားသည်ကို ကြည့်ရှုနေရသကဲ့သို့ပင် ဖြစ်ပါသည်။
“အာပေါင်”ကို ပြန်လည်စေလွှတ်ပြီး တစ်လကျော်အကြာတွင် ချင်းယွိဘင်းသည် မိတ်လိုက်ရန် စိန်ခေါ်ရာမှ ပြင်းထန်စွာ ဒဏ်ရာရရှိကာ ညာဘက်မျက်စိ ကွယ်သွားသည့် ဆင်ပြောင်ကြီး “ခွန်းလု”ကို စတင်ပြုစုခဲ့ပါသည်။ စိတ်ဓာတ်မာကျောပြီး သံသယကြီးသော “ခွန်းလု”သည် မိမိအား တဖြည်းဖြည်း ယုံကြည်လာစေရန် သုံးလကျော်မျှ အချိန်ယူခဲ့ရပါသည်။ ယခုအခါ ချင်းယွိဘင်းသည် ခွဲခွာရသည့် ဝမ်းနည်းမှုကို ကျော်လွန်နိုင်ခဲ့ပြီဖြစ်ပြီး “ခွန်းလု”ကိုလည်း ကျန်းကျန်းမာမာဖြင့် ကျွေးမွေးပြုစုသွားနိုင်ရန် မျှော်လင့်လျက် ရှိပါသည်။
ဤခွဲခွာခြင်းနှင့် ဆုံစည်းခြင်းများထဲတွင် ဖော်ပြနေသည်မှာ ယူနန်ပြည်နယ်၏ သိပ္ပံနည်းကျ ထိန်းသိမ်းစောင့်ရှောက်မှုကို လက်တွေ့ဖော်ဆောင်ခြင်းနှင့် အာရှဆင်များအပေါ် နွေးထွေးသော မေတ္တာဖြင့် ကာကွယ်စောင့်ရှောက်သည့် ထိန်းသိမ်းရေး အယူအဆပင် ဖြစ်ပါသည်။ လူနှင့် ဆင်တို့အကြား နှစ်ပေါင်းများစွာ အတူယှဉ်တွဲနေထိုင်မှုမှ တည်ဆောက်ခဲ့သော သံယောဇဉ် ကွင်းဆက်သည် တောင်တန်းနှင့် သစ်တောများ ပိုင်းခြားထားရုံဖြင့် လွယ်လွယ်ကူကူ ပျောက်ကွယ်သွားမည် မဟုတ်ဘဲ မိုးသစ်တော အနက်ရှိုင်းဆုံးနေရာများတွင် လူနှင့် ဆင်တို့၏ စိတ်လှုပ်ရှားဖွယ် ကဗျာများ ဆက်လက်ရေးထိုးနေဆဲ ဖြစ်ပါသည်။