၁၆၆ ကြိမ်မြောက် တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်း မဲခေါင်မြစ် ပူးတွဲကင်းလှည့် ဥပဒေစိုးမိုးရေး ဆောင်ရွက်မှု စတင်
CRI|

ဇွန်လ ၂၂ ရက်နေ့ နံနက် ၉ နာရီတွင် ၁၆၆ ကြိမ်မြောက် တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်း မဲခေါင်မြစ် ပူးတွဲကင်းလှည့် ဥပဒေစိုးမိုးရေး ဆောင်ရွက်မှုကို တရားဝင် စတင်ခဲ့သည်။ ၎င်းဆောင်ရွက်မှု မစတင်မီတွင် လေးနိုင်ငံမှ ဥပဒေစိုးမိုးရေးဌာနများသည် တရုတ်နိုင်ငံ၊ ကျင်းဟုန်မြို့ရှိ မဲခေါင်မြစ် ပူးတွဲကင်းလှည့် ဥပဒေစိုးမိုးရေး ပူးတွဲကွပ်ကဲမှုဌာနချုပ်တွင် ပူးတွဲတပ်မှူးများ အစည်းအဝေးကို ကျင်းပခဲ့သည်။ သက်ဆိုင်ရာ ဖက်အသီးသီးတို့သည် ဆောင်ရွက်မှုအစီအစဉ်၊ ဥပဒေစိုးမိုးရေး၏ ဦးစားပေးချက် စသည့် အကြောင်းအရာများအပေါ် နက်ရှိုင်းသော ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး သဘောတူညီမှုများ ရရှိခဲ့ကြသည်။ ထို့အပြင် မဲခေါင်မြစ်ဝှမ်းဒေသရှိ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ကိုလည်းအဓိကတာဝန်အဖြစ် သတ်မှတ်ထားသည်။ တစ်ချိန်တည်းတွင် အွန်လိုင်းလောင်းကစားနှင့် ဆက်သွယ်ရေးလိမ်လည်မှု၊ နယ်စပ်ဖြတ်ကျော်လောင်းကစား၊ လူကုန်ကူးမှု၊ တရားမဝင် ရွှေ့ပြောင်း နေထိုင်မှု၊ မူးယစ်ဆေးဝါး ထုတ်လုပ်မှုနှင့် မှောင်ခိုရောင်းဝယ်မှု၊ အတုအပပြုလုပ်မှုနှင့် မှောင်ခိုရောင်းဝယ်မှု ၊ ငွေကြေးလိမ်လည်မှု အပါအဝင် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများကို အားကောင်းစွာ နှိမ်နင်းတိုက်ဖျက်ရန်လည်း စတင်ဆောင်ရွက်မည် ဖြစ်ပြီး မဲခေါင်မြစ်ဝှမ်းဒေသ၏ လုံခြုံရေးအတားအဆီးကို အပြည့်အဝ ခိုင်မာလာစေရန် ရည်ရွယ်ထားသည်ဟု သတင်းအရ သိရသည်။