မြန်မာနိုင်ငံသမ္မတ ဦးမင်းအောင်လှိုင် နည်းပညာကုမ္ပဏီများသို့ သွားရောက်လေ့လာပြီး တရုတ်နိုင်ငံ၏ တီထွင်ဆန်းသစ်မှုစွမ်းအားကို ကိုယ်တိုင်ကိုယ်ကျ ထိတွေ့ခံစား
တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် မြန်မာနိုင်ငံသမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ (၁၉ ရက်) တွင် ကျဲ့ကျန်းပြည်နယ်၊ ဟန်ကျိုးမြို့ရှိ နည်းပညာ ကုမ္ပဏီများသို့ သွားရောက်ကာ ခေတ်ရှေ့ပြေး နောက်ဆုံးပေါ် နည်းပညာဆိုင်ရာ အောင်မြင်မှုများကို စိတ်ဝင်တစား လေ့လာကြည့်ရှုခဲ့ပြီး တရုတ်နိုင်ငံ၏ တီထွင်ဆန်းသစ်မှု ဖွံ့ဖြိုးတိုးတက်ရေး ရလဒ်များကို ချီးကျူးခဲ့သည်။

သမ္မတ ဦးမင်းအောင်လှိုင်နှင့်အဖွဲ့သည် ဟန်ကျိုးမြို့ရှိ ရိုဘော့စက်ရုပ်ကုမ္ပဏီတစ်ခုသို့ သွားရောက်ခဲ့ပြီး China Media Group ၏ မြင်းနှစ် နွေဦးပွဲတော်အကြို ညချမ်းပဒေသာဖျော်ဖြေပွဲ (Spring Festival Gala) တွင် ပြသခဲ့သည့် ပုံစံတူ စက်ရုပ် ဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှုခဲ့သည်။ စက်ရုပ်များက တုတ်သိုင်းကစားခြင်း၊ အရက်မူးသိုင်းကွက်ကပြခြင်းနှင့် ခြေတစ်ဖက်တည်းဖြင့် လေထဲတွင် ဂျွမ်းထိုးပြခြင်း စသည့် သရုပ်ဖော်မှုများကို ပြသခဲ့ရာ သမ္မတ ဦးမင်းအောင်လှိုင်က ကြည့်ရှုပြီးနောက် လက်ခုပ်ဩဘာသံများဖြင့် ချီးကျူး ထောမနာပြုခဲ့သည်။
အဆိုပါ လှုပ်ရှားမှု သရုပ်ပြသခြင်းများမှသည် နယ်ပယ်စုံတွင် စက်ရုပ်များ၏ လက်တွေ့အသုံးပြု ဆောင်ရွက်ပုံများအထိ သမ္မတ ဦးမင်းအောင်လှိုင်က တစ်ခုချင်းစီကို စိတ်ဝင်တစားဖြင့် လေ့လာကြည့်ရှုခဲ့သည်။

ထို့အပြင် သမ္မတ ဦးမင်းအောင်လှိုင်သည် ဟန်ကျိုးတွင် ပစ္စည်းအသစ် (New Material) နည်းပညာကုမ္ပဏီတစ်ခုသို့လည်း သွားရောက်လေ့လာခဲ့သည်။ အဆိုပါ ကုမ္ပဏီသည် ဝါးပင်များကို အဆင့်မြင့် ပြုပြင်မွမ်းမံခြင်းကို အဓိကလုပ်ဆောင်ပြီး ဝါးပင်တစ်ပင်ချင်းစီကို အဆင့်မြင့် အစိမ်းရောင် အထည်အလိပ် ပစ္စည်းအသစ်များအဖြစ်သို့ ပြောင်းလဲကာ ဝါးကိုအခြေခံ၍ "ဘက်စုံတန်ဖိုး" ကို ဖော်ဆောင်နေခြင်း ဖြစ်သည်။ သမ္မတ ဦးမင်းအောင်လှိုင်သည် ထုတ်လုပ်မှု တစ်ခုချင်းစီ၏ လုပ်ငန်းစဉ်များကို အနီးကပ် လေ့လာကြည့်ရှုခဲ့ပြီး ကုမ္ပဏီဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံမေးမြန်းကာ ကုန်ထုတ်လုပ်မှု အဆင့်ဆင့်နှင့် အသုံးပြုနိုင်မည့် နယ်ပယ် အသေးစိတ် အခြေအနေများကို မေးမြန်းဆွေးနွေးခဲ့သည်။ ထို့နောက် ဝါးမျှင်ဖြင့် ပြုလုပ်ထားသော ပေါင်းစပ် အခြေခံပစ္စည်းအစိတ်အပိုင်း (Composite Base Fabric) များသည် ဒရုန်းများတွင်ပါ အသုံးပြုနိုင်ကြောင်းကို သိရှိရသည့်အတွက် သမ္မတ ဦးမင်းအောင်လှိုင်က သက်ဆိုင်ရာ ထုတ်ကုန်များကို များစွာစိတ်ဝင်စားမှု ရှိခဲ့ကြောင်း သိရသည်။

သမ္မတ ဦးမင်းအောင်လှိုင်၏ ယခု လေ့လာရေးခရီးစဉ် သွားရောက်သည့် အချိန်ကာလသည် တရုတ်နိုင်ငံ၏ ရိုးရာပွဲတော်ဖြစ်သော နဂါးလှေပွဲတော်(ကောက်ညှင်းထုတ်ပွဲတော်)နှင့် တိုက်ဆိုင်နေသဖြင့် သမ္မတ ဦးမင်းအောင်လှိုင်နှင့် တရုတ်ဘက်မှ တာဝန်ရှိသူများသည် "နဂါးလှေပွဲတော်တွင် ကျန်းမာချမ်းသာပါစေကြောင်း" တစ်ဦးနှင့်တစ်ဦး အပြန်အလှန် လှိုက်လှိုက်လှဲလှဲ နှုတ်ခွန်းဆက်သခဲ့ကြသည်ဟု သတင်းအရ သိရသည်။