တရုတ်-တာဂျစ်ကစ္စတန် ပုဂ္ဂိုလ်များ “ရှီကျင့်ဖိန်၏ နိုင်ငံတော်အုပ်ချုပ်ရေးဆိုင်ရာ အတွေးအခေါ်များ” အတွဲ (၅) စာအုပ်ကို အတူတကွ ဆွေးနွေးပြောကြား
“ရှီကျင့်ဖိန်၏ နိုင်ငံတော်အုပ်ချုပ်ရေးဆိုင်ရာ အတွေးအခေါ်များ” အတွဲ (၅) စာအုပ်ဖတ်ပွဲနှင့် အယူအဆဖလှယ်ပွဲကို ဩဂုတ်လ ၅ ရက်နေ့က တာဂျစ်ကစ္စတန်နိုင်ငံ မြို့တော် ဒူရှန်ဘေ ၌ ကျင်းပခဲ့ပါသည်။ တရုတ်နှင့် တာဂျစ်ကစ္စတန် နယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်များသည် စာအုပ်ဖတ်ရှုမှု အတွေ့အကြုံများကို မျှဝေခဲ့ကြပြီး တရုတ်ပုံစံ ခေတ်မီရေးနှင့် တရုတ်-တာဂျစ်ကစ္စတန်အေးအတူပူအမျှအသိုက်အဝန်း အတူတကွ တည်ဆောက်ရေး စသည့် ခေါင်းစဉ်များကို ဗဟိုပြု၍ အယူအဆများ ဖလှယ်ခဲ့ကြပါသည်။
ယခုအကြိမ် အခမ်းအနား၏ ဆောင်ပုဒ်မှာ “ခေတ်မီရေးလမ်းကြောင်းပေါ်တွင် လက်တွဲလျှောက်လှမ်း တရုတ်-တာဂျစ်ကစ္စတန် အေးအတူပူအမျှ အသိုက်အဝန်း အတူတကွ တည်ဆောက်ခြင်း”ဖြစ်ပြီး တရုတ်အပြည်ပြည်ဆိုင်ရာစာအုပ်စာပေထုတ်ဝေရေးအဖွဲ့ (CICG)၊ တာဂျစ်ကစ္စတန်နိုင်ငံဆိုင်ရာ တရုတ်သံရုံးနှင့် တာဂျစ်ကစ္စတန် နိုင်ငံခြားရေးဝန်ကြီးဌာန သံတမန်ရေးရာ ဝန်ဆောင်မှုဌာနတို့က ပူးတွဲကျင်းပခဲ့ခြင်း ဖြစ်ပါသည်။
တာဂျစ်ကစ္စတန်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ကော်ကျီးကျွင်းက အယူအဆဖလှယ်ပွဲတွင် ပြောကြားရာ၌ “ရှီကျင့်ဖိန်၏ နိုင်ငံတော်အုပ်ချုပ်ရေးဆိုင်ရာ အတွေးအခေါ်များ” အတွဲ(၅)သည် တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု အလေ့အကျင့်များကို မှတ်တမ်းတင်ထားရုံမျှမက နိုင်ငံတော်အုပ်ချုပ်ရေး၊ လူမှုအဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူ့လူနေမှုဘဝ မြှင့်တင်ရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးစသည့် အရေးပါသော မေးခွန်းများအပေါ် လေးနက်သော တွေးခေါ်မှုများကို စုစည်းထားခြင်းဖြစ်ကြောင်း၊ ဤစာအုပ်ကို ထုတ်ဝေဖြန့်ချိခြင်းသည် နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် ရှီကျင့်ဖိန်၏ ခေတ်သစ်တရုတ်ဝိသေသဆောင်သော ဆိုရှယ်လစ်ဝါဒအတွေးအခေါ် နောက်ဆုံးပေါ် ဖွံ့ဖြိုးတိုးတက်မှုများကို အချိန်နှင့်တစ်ပြေးညီ နားလည်စေရန်နှင့် တရုတ်နိုင်ငံ၏ အယူအဆ၊ တရုတ်နိုင်ငံ၏ အဆိုပြုချက်နှင့် တရုတ်နိုင်ငံ၏ ဉာဏ်ပညာတို့ကို ပိုမိုလေးနက်စွာ နားလည်သဘောပေါက်စေရန်အတွက် အရေးပါသော အဓိပ္ပာယ် ရှိကြောင်း ထည့်သွင်းပြောကြားခဲ့ပါသည်။
ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) အတွင်းရေးမှူးချုပ်ဟောင်း၊ တာဂျစ်ကစ္စတန် သမ္မတရုံးတိုက်ရိုက်လက်အောက်ခံ နိုင်ငံတော် စီမံခန့်ခွဲရေး တက္ကသိုလ်မှ ပါမောက္ခ အလီမော့ဗ်က “ရှီကျင့်ဖိန်၏ နိုင်ငံတော်အုပ်ချုပ်ရေးဆိုင်ရာ အတွေးအခေါ်များ”အတွဲ(၅)ပါ အယူအဆများသည် သီအိုရီအရ စမ်းသပ်စစ်ဆေးမှု ရရှိထားရုံတင်မက တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု အလေ့အကျင့်များတွင်လည်း သက်သေပြနိုင်ခဲ့ကြောင်း၊ လုံးဝဆင်းရဲနွမ်းပါးမှုကို ပပျောက်စေခဲ့သည့် သမိုင်းဝင် အောင်မြင်မှုများမှသည် တရုတ်နိုင်ငံက ကမ္ဘာ့အဓိက စီးပွားရေးအင်အားကြီးနိုင်ငံနှင့် ကမ္ဘာ့သိပ္ပံနည်းပညာ ဆန်းသစ်တီထွင်မှု၏ အဓိက ဦးဆောင်သူတစ်ဦးအဖြစ် ဖွံ့ဖြိုးတိုးတက်လာမှုအထိ အားလုံးသည် ဤအယူအဆများ၏ လက်တွေ့စွမ်းအားကို ပြည့်ဝစွာ သက်သေပြနေကြောင်း ယူဆပြောကြားခဲ့ပါသည်။
“ရှီကျင့်ဖိန်၏ နိုင်ငံတော်အုပ်ချုပ်ရေးဆိုင်ရာ အတွေးအခေါ်များ”အတွဲ(၅)သည် ဒူရှန်ဘေမှလာသော တက္ကသိုလ်ကျောင်းသူ နာရီဇ်မူဒီနိုဗာကိုလည်း လှုံ့ဆော်မှုများစွာ ပေးခဲ့ပါသည်။ ရှန်ဟိုင်းသို့ ပညာတော်သင် သွားရောက်တော့မည့် ဤတရုတ်စာပေအထူးပြု ကျောင်းသူက ဤစာအုပ်တွင် ကြွယ်ဝသော ပူးပေါင်းဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အယူအဆများ ပါဝင်ပြီး နိုင်ငံအသီးသီးမှ လက်တွဲဖွံ့ဖြိုးရေးနှင့် နှစ်ဦးနှစ်ဖက် အပြန်အလှန် အကျိုးဖြစ်ထွန်းစေရေးတို့ကို တိုက်တွန်းထားကြောင်း၊ မိမိအနေဖြင့် ဤစာအုပ်မှ ခွန်အားများကို ဆက်လက်ဆုပ်ကိုင်ပြီး တာဂျစ်ကစ္စတန်-တရုတ် ချစ်ကြည်ရေး၏ လူငယ်သံတမန်တစ်ဦးဖြစ်အောင် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။