“လမ်းမပေါ်မှ ကော်ဖီ” - စားသုံးမှု အကွက်အကွင်းသစ်မှ အစပျိုးပေးလိုက်သော စီးပွားရေးလုပ်ငန်းသစ်လမ်းကြောင်း
နှင်းဖုံးတောင်ခြေတွင်လည်းကောင်း၊ သဲကန္တာရအစွန်အဖျားတွင်လည်းကောင်း၊ လမ်းမကြီးဘေးရှိ နားနေစခန်းများတွင်လည်းကောင်း ပြုပြင်ဖန်တီးထားသော အိမ်စီးကားတစ်စီး၊ သယ်ဆောင်ရလွယ်ကူသော ကော်ဖီဖျော်စက်များနှင့် စခန်းချ စားပွဲ၊ ကုလားထိုင် အချို့ပါရှိသည့် ရွေ့လျားကော်ဖီဆိုင်လေးကို သင်သတိပြုမိခဲ့ဖူးပါသလား။ ပုံသေဆိုင်ခန်းဆိုင်းဘုတ်မရှိဘဲ တောတောင်ရေမြေကြားတွင် လွင့်ပျံ့နေသော ကော်ဖီမွှေးရနံ့များကသာ ဖြတ်သန်းသွားလာနေသော ခရီးသွားများကို ခြေလှမ်းရပ်တန့်စေရန် ဆွဲဆောင်လျက်ရှိပါသည်။

လက်ရှိတွင် “လမ်းမပေါ်မှ ကော်ဖီ” သည် ကော်ဖီနယ်ပယ်၏ လမ်းကြောင်းသစ်တစ်ခု ဖြစ်လာနေပါသည်။ ရွေ့လျားကော်ဖီကားများသည် ကော်ဖီစားသုံးမှု ဝန်းကျင်ကို တိုးချဲ့ပေးခဲ့ပြီး မွှေးကြိုင်သော ကော်ဖီကို စီးပွားရေးဇုန် ရုံးခန်းအဆောက်အအုံများမှ တောတောင်လမ်းမများ၊ ရှိးကန်နှင့် မြစ်ကမ်းဘေးများသို့ ပြောင်းရွှေ့ပေးခဲ့ကာ လွတ်လပ်ဆန်းသစ်သော ပုံစံဖြင့် ပြင်ပအပန်းဖြေမှုနှင့် ခရီးသွားရင်း စီးပွားရေးထူထောင်မှုဆိုင်ရာ ပုံစံအမျိုးမျိုးကို စတင်ဖန်တီးပေးခဲ့ပါသည်။
ရိုးရာဆိုင်ခန်းများနှင့် နှိုင်းယှဉ်ပါက “လမ်းမပေါ်မှ ကော်ဖီ” သည် ပေါ့ပါးမှုနှင့် ဝင်ရောက်ရန် လွယ်ကူမှု စသည့် လက္ခဏာများကြောင့် လူငယ်များ စီးပွားရေးစတင်ရန်အတွက် ဦးစားပေး လမ်းကြောင်း ဖြစ်လာခဲ့ပါသည်။ “ရွေ့လျားကော်ဖီဆိုင်ဟာ ဆိုင်ခန်းငှားရမ်းခနဲ့ ပြင်ဆင်စရိတ်တွေ မလိုတဲ့အတွက် ဆုံးရှုံးနိုင်ခြေစရိတ် နည်းပါးပါတယ်။ ဒါ့အပြင် ဒေသအသီးသီးရဲ့ ယဉ်ကျေးမှုခရီးသွား ပွဲလမ်းသဘင်တွေနဲ့ ဈေးပွဲတော်တွေရဲ့ ပံ့ပိုးမှုတွေကြောင့် မတည်ရင်းနှီးငွေ အနည်းငယ်နဲ့ စီးပွားရေးစတင်ဖို့ အခွင့်အလမ်း ပိုမိုရရှိစေပါတယ်” ဟု ဂွမ်ဒေါင်းပြည်နယ်မှ လာရောက်ပြီး စာအုပ်ဆိုင်၊ ဘားနှင့် ပုံသေကော်ဖီဆိုင်စသည့် စီးပွားရေးပုံစံအမျိုးမျိုးကို လုပ်ကိုင်ခဲ့ဖူးသူ ကော်ဖီဆိုင်ပိုင်ရှင် ရှန့်ရှောင်းမင်က ပြောကြားခဲ့ပါသည်။
ဤရေစီးကြောင်းသည် တရုတ်နိုင်ငံ၏ လမ်းမကြီးများအတိုင်း နေရာအနှံ့အပြားတွင် ပွင့်လန်းနေသည်မှာ ကြာပြီဖြစ်ပါသည်။ လမ်းမများဆီသို့ ဦးတည်မောင်းနှင်နေသော ကော်ဖီကားများနှင့် လမ်းမများပေါ်သို့ စီးဆင်းနေသော ကော်ဖီတစ်ခွက်စီသည် စားသုံးမှု စေတနာပုံစံသစ်များကို ဖွင့်လှစ်ပေးလျက်ရှိပါသည်။ လမ်းမကြီးများသည် အဝေးတစ်နေရာဆီသို့သာ ဦးတည်သည်မဟုတ်ဘဲ စားသုံးမှု အခွင့်အလမ်းသစ်များနှင့် စီးပွားရေးထူထောင်နိုင်သည့် ဖြစ်နိုင်ခြေများကိုပါ ဆက်သွယ်ပေးထားပါသည်။ လူငယ်စီးပွားရေးလုပ်ငန်းရှင်များသည် လမ်းကို အမှီပြုကာ မြို့ပြ၏ ပြင်ပ၊ တောင်တန်း ရေမြေများကြားတွင် ကော်ဖီကားများကို မောင်းနှင်ရင်း မိမိတို့၏ ကိုယ်ပိုင်လမ်းကြောင်းသစ်ပေါ်တွင် ခရီးဆက်နေကြပါသည်။