၂၁ ရာစု ရေကြောင်း ပိုးလမ်းမ ဒေသဆိုင်ရာ အစိုးရများ ပူးပေါင်းဆောင်ရွက်ရေးနှင့် နိုင်ငံတကာ မိတ်ဖက်မြို့တော်များ ဆွေးနွေးပွဲ ကျင်းပ

၂၁ ရာစု ရေကြောင်း ပိုးလမ်းမ ဒေသဆိုင်ရာ အစိုးရများ ပူးပေါင်းဆောင်ရွက်ရေးနှင့် နိုင်ငံတကာ မိတ်ဖက်မြို့တော်များ ဆွေးနွေးပွဲကို အောက်တိုဘာလ ၁၇ ရက်နေ့က ဖူကျိုးမြို့တွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။ နိုင်ငံ ၂၄ နိုင်ငံမှ ဒေသဆိုင်ရာအစိုးရများနှင့် ချစ်ကြည်ရေးအဖွဲ့အစည်းများ၏ ကိုယ်စားလှယ် ၁၀၀ ခန့်တို့သည် ၂၁ ရာစု ရေကြောင်း ပိုးလမ်းမကို အရည်အသွေးမြင့်မားစွာ အတူတကွ တည်ဆောက်ခြင်းကို ဝန်းရံလျက် ဒေသအစိုးရများ၏ ပူးပေါင်းဆောင်ရွက်မှု၊ မိတ်ဖက်မြို့တော်များ၏ လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုနှင့် ယဉ်ကျေးမှုနှင့် ပြည်သူအချင်းချင်း ဆက်သွယ်မှုတို့ကို အဓိကထားကာ လက်တွေ့အတွေ့အကြုံများကို မျှဝေဆွေးနွေးခဲ့ကြပြီး ပူးပေါင်းဆောင်ရွက်မည့် လမ်းကြောင်းများကို ဆွေးနွေးတိုင်ပင်ခဲ့ကြပါသည်။
"ရေကြောင်း ပိုးလမ်းမမှတစ်ဆင့် ဉာဏ်ပညာကို စုစည်းကာ ဖွံ့ဖြိုးတိုးတက်မှုကို ကြံဆ၍ မိတ်ဖက်မြို့တော်များ အချင်းချင်း နှလုံးသားချင်း ပေါင်းစပ်ကာ အပြန်အလှန် အကျိုးဖြစ်ထွန်းမှုကို တွန်းအားပေးစို့" ဟူသော ခေါင်းစဉ်ဖြင့် ကျင်းပသည့် အဆိုပါ ဆွေးနွေးပွဲကို တရုတ်ပြည်သူ့ ပြည်ပချစ်ကြည်ရေး အသင်းနှင့် ဖူကျန့်ပြည်နယ် ပြည်သူ့အစိုးရတို့က ပူးပေါင်း စီစဉ်ကျင်းပခြင်းဖြစ်ပါသည်။ တရုတ်ပြည်သူ့ ပြည်ပချစ်ကြည်ရေး အသင်း၏ ဥက္ကဋ္ဌ ယန်ဝမ်မင်က အဖွင့်အမှာစကား ပြောကြားရာတွင် တရုတ်ပြည်သူ့ ပြည်ပချစ်ကြည်ရေး အသင်းအနေဖြင့် ဘက်ပေါင်းစုံနှင့်အတူ ဒေသဆိုင်ရာအဆက်အသွယ်များကို ချဲ့ထွင်ရန်၊ ချိတ်ဆက်မှု ကွန်ရက်ကို ပိုမိုကျစ်လျစ်စွာ ရက်လုပ်ရန်၊ အပြာရောင်ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေကာ အပြန်အလှန် အကျိုးဖြစ်ထွန်းစေမည့် အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုကြီးမားအောင် ပြုလုပ်ရန်နှင့် ယဉ်ကျေးမှုနှင့် ပြည်သူအချင်းချင်း ဖလှယ်ရေးကို အားကောင်းစေကာ မျိုးဆက်သစ်များ ချစ်ကြည်ရေး၏ အခြေခံအမြစ်ကို ပိုမိုနက်ရှိုင်းစွာ စိုက်ထူသွားရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့ပါသည်။
အစည်းအဝေး ကျင်းပနေစဉ်အတွင်း တက်ရောက်လာကြသော ဧည့်သည်တော်များသည် "ကမ္ဘာလုံးဆိုင်ရာ အုပ်ချုပ်မှု အဆိုပြုချက်နှင့် နိုင်ငံတကာ ဒေသဆိုင်ရာ အစိုးရများ ပူးပေါင်းဆောင်ရွက်ရေး"၊ "နိုင်ငံတကာ မိတ်ဖက်မြို့တော်များနှင့် ရေကြောင်း စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး"၊ "ထုတ်လုပ်မှုလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုနှင့် ဧရိယာချိတ်ဆက် ဖွံ့ဖြိုးတိုးတက်ရေး"၊ "ယဉ်ကျေးမှုနှင့် ခရီးသွားလာရေး ပေါင်းစပ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် မြို့ပြ အမှတ်တံဆိပ် အတူတကွ တည်ဆောက်ရေး" ဟူသော ဆွေးနွေးချက် အကြောင်းအရာ ၄ ခုကို ဗဟိုပြု၍ နက်ရှိုင်းစွာ ဆွေးနွေးဖလှယ်မှုများကို ပြုလုပ်ခဲ့ကြပြီး သက်ဆိုင်ရာ မိတ်ဖက်မြို့တော်များ ပူးပေါင်းဆောင်ရွက်ရေးနှင့် စီးပွားရေးနှင့်ကုန်သွယ်ရေး စီမံကိန်း လက်မှတ်ရေးထိုးပွဲ အခမ်းအနားများကို ကျင်းပပြုလုပ်ခဲ့ပါသည်။