လေအေးအေးထဲမှာ သစ်သီးသကြားလုံးတုတ်ထိုးစျေးတန်း၌ ဝယ်သူများ တန်းစီ၍ ငွေပေးချေခဲ့ကြသော်လည်း သစ်သီးသကြားလုံးတုတ်ထိုးများကို မယူကြ....

အရင်းအမြစ်:CCTV News Center   |    2025-12-23 19:01:00

ယုခုရက်ပိုင်းတွင် ရှန်တုန်းပြည်နယ် ရေနံနှင့် ဓာတုစက်မှုတက္ကသိုလ်ရဲ့ မြောက်ဘက်တံခါးအပြင်ဘက်မှာ ဦးလေးတစ်ဦးရဲ့ သစ်သီးသကြားလုံးတုတ်ထိုးဆိုင်မှာ မီတာ ၅၀ ကျော်လောက်အထိ တန်းစီနေကြသည်။ တန်းစီနေသူတွေက နေရာအနှံ့ကနေ လာရောက်ကြတာဖြစ်ပါတယ်။ ၄ ယွမ်တန် သစ်သီးသကြားလုံးတုတ်ထိုးကို တစ်ချို့က ယွမ် ရာနဲ့ချီပေးခဲ့ကြပြီး တစ်ချို့ကလည်း QR Code စကင်ဖတ်ပြီး ငွေပေးချေခဲ့ကြပါတယ်။ ဒါပေမဲ့လည်း သစ်သီးသကြားလုံးတုတ်ထိုးကိုတော့ မယူကြဘူး၊ ဒါဘာကြောင့်များပါလဲ။

ဒါတွေအားလုံးဟာ ရက်အနည်းငယ်အကြာက WeChat အုပ်စုတွေထဲ ပြန့်နှံ့သွားတဲ့ သတင်းတစ်ပုဒ်ကနေ စတင်ခဲ့တာပါ။ အဆိုပါဦးလေးရဲ့သားဟာ ဒီဇင်ဘာလအစောပိုင်းမှာ ရောဂါကြောင့် ကွယ်လွန်ခဲ့ပြီး အသက် ၇ နှစ်အရွယ် အကြီးဆုံးမြေးနဲ့ ၄ နှစ်အောက် အငယ်ဆုံးမြေး သုံးယောက်ကျန်ရစ်ခဲ့တယ်။ အိမ်မှာ အသက် ၉၀ အရွယ်ဖခင်နဲ့ ဦးနှောက်ကျုံ့ရောဂါခံစားနေရတဲ့မိခင်လည်းရှိနေပြီး အဆိုပါဦးလေးကိုယ်တိုင်ကလည်း ခါးနာရောဂါကို နှစ်ပေါင်းများစွာ ခံစားနေရတယ်။ ဘဝရဲ့ဝန်ထုပ်ဝန်ပိုးတွေကြောင့် သားဆုံးရှုံးတဲ့ဝမ်းနည်းပူဆွေးမှုကနေ ပြန်လည်မထူထောင်နိုင်သေးမီမှာပဲ ဆိုင်ပြန်ဖွင့်ခဲ့ရတယ်။

လူသိများတဲ့ဈေးသည်တစ်ဦးက အဆိုပါဦးလေးရဲ့ကြုံတွေ့နေရမှုကိုပြန်ပြောပြီးနောက် ကျောင်းသားတွေနဲ့ မြို့သူမြို့သားတွေက လာရောက်ကူညီကြတာပါ။ တစ်ချို့က ကြိုတင်မှာယူမယ့် WeChat အုပ်စုတစ်ခုဖွဲ့ခဲ့ကြပြီး လူဦးရေက ၁၀၀ ကျော်ကနေ ၄၀၀ နီးပါးထိ တိုးလာခဲ့တယ်။ အဆိုပါဦးလေးက ဒီရက်ပိုင်း မြောက်ဘက်တံခါးမှာပဲ ပုံမှန်ဆိုင်ဖွင့်ပြီး လူတွေအချည်းနှီးမဖြစ်စေချင်ဘူး။

ဝင်ငွေက တစ်ရက် ယွမ်ငွေ ၂၀၀ ကျော်ကနေ ၁၀၀၀ - ၃၀၀၀ ကျော်အထိ တိုးလာခဲ့ပေမဲ့ အဆိုပါဦးလေးရဲ့စိတ်ထဲမှာတော့ "မသက်မသာဖြစ်နေတယ်" - ကူညီသူတွေက ဘဝရဲ့ခက်ခဲမှုကို နားလည်သလို၊ အကူအညီလက်ခံသူကလည်း နားလည်နေတယ်။ "သူတို့က ပိုက်ဆံပေးပြီးတော့ ထွက်သွားကြတယ်၊ သစ်သီးသကြားလုံးတုတ်ထိုးကို မယူကြဘူး။ ကျွန်တော်က သူများကို ဒီလိုဒုက္ခမပေးချင်ဘူး... လူတိုင်းမလွယ်ဘူး၊ ကျွန်တော်မလွယ်ဘူး၊ သူတို့လည်းမလွယ်ဘူး"

ဆောင်းပါးအရင်းအမြစ် ။ ။ CCTV News Center
ဘာသာပြန် ။ ။ Zhang Yinglin
မြန်မာစာတည်းဖြတ်သူ ။ ။ ဘဦး (မြန်မာနိုင်ငံသား)

လေအေးအေးထဲမှာ သစ်သီးသကြားလုံးတုတ်ထိုးစျေးတန်း၌ ဝယ်သူများ တန်းစီ၍ ငွေပေးချေခဲ့ကြသော်လည်း သစ်သီးသကြားလုံးတုတ်ထိုးများကို မယူကြ....