ကွမ်တုန်းပြည်နယ်တွင် အမျိုးသားတစ်ဦး မွေးမြူထားသည့် ဝက်ရိုင်းကလေး သည် တစ်နှစ်ကျော်အတွင်း ၃၀ ကီလိုမှ ၁၅၀ ကီလိုသို့ ကြီးထွားလာပြီး အွန်လိုင်းနာမည်ကြီး ဝက်ဖြစ်လာ
၂၀၂၄ ခုနှစ် နိုဝင်ဘာလက ကွမ်ကျိုးမြို့သူ မစ္စတာလို၏အိမ်သို့ ဝက်ရိုင်းကလေးတစ်ကောင် ဝင်ရောက်လာခဲ့သည်။ သူက ခေါက်ဆွဲချက်ကျွေးမွေးခဲ့ပြီးနောက် ဝက်ရိုင်းသည် သူ၏အိမ်သို့ ဆက်တိုက်သုံးရက် လာရောက်ခဲ့သဖြင့် မစ္စတာလိုက ၎င်းကို မွေးမြူရန် ဆုံးဖြတ်ကာ “မိုင်းထောင်း” (ခေါက်ဆွဲ) ဟု အမည်မှည့်ခဲ့သည်။ ယခုအခါ “မိုင်းထောင်း” သည် ၃၀ ကီလိုမှ ၁၅၀ ကီလိုအထိ ကြီးထွားလာပြီး အင်တာနက်ပေါ်တွင် နာမည်ကြီးဝက်တစ်ကောင် ဖြစ်လာခဲ့သည်။
“မိုင်းထောင်း” ပထမဆုံးရောက်ရှိလာချိန်တွင် အရိုးအဆစ်များထင်ရှားပြီး ကိုယ်အလေးချိန် ၃၀ ကီလိုခန့်သာ ရှိခဲ့သည်။ မစ္စတာလိုသည် တိရစ္ဆာန်များကို ချစ်ခင်နှစ်သက်သူဖြစ်ကာ ယခင်က ကြောင်နှင့်ခွေးများ မွေးမြူခဲ့ဖူးသည်။ အွန်လိုင်းအသုံးပြုသူများ၏ “ဝက်ကို အခြားသူများ စားသောက်သွားမှာစိုးသည်”ဟူသော မှတ်ချက်များကိုဖတ်ရှုပြီးနောက် ၎င်းကို ဆက်လက်မွေးမြူရန် ဆုံးဖြတ်ခဲ့ပြီး ၎င်း၏နေ့စဉ်ဘဝများကို မှတ်တမ်းတင်ခဲ့သည်။ “မိုင်းထောင်း” အတွက် ပိုမိုကျယ်ဝန်းသော နေရာရစေရန် မစ္စတာလိုသည် ယခုနှစ် ဇွန်လတွင် ခြံဝင်းပါသော တစ်ထပ်အိမ်သို့ ပြောင်းရွှေ့ခဲ့ပြီး အထူးလှုပ်ရှားရေးနေရာ သတ်မှတ်ပေးခဲ့သည်။ သူက “မိုင်းထောင်း” အား သတ်မှတ်နေရာတွင် အညစ်အကြေးစွန့်ပစ်ရန် လေ့ကျင့်ပေးခဲ့ရာ ယခုအခါ ၎င်းသည် စိတ်သဘောထားနူးညံ့ပြီး ကလေးများနှင့် တိရစ္ဆာန်လေးတို့နှင့် အတူယှဉ်တွဲ နေထိုင်နိုင်သည်။
“မိုင်းထောင်း” ၏ ဗီဒီယိုများမျှဝေခြင်းဖြင့် မစ္စတာလိုသည် တစ်လလျှင် ယွမ် ၅၀၀၀ ခန့် ဝင်ငွေရရှိပြီး နက်ရှိုင်းလာသော ဆက်ဆံရေးကြောင့် အစောပိုင်းကကန့်ကွက်ခဲ့သည့် ဇနီးသည်လည်း တဖြည်းဖြည်း လက်ခံလာခဲ့သည်။ ယခင်က တစ်စုံတစ်ဦးက “မိုင်းထောင်း” အား ယွမ် ၅ သောင်း ပေးဝယ်ရန် ကမ်းလှမ်းခဲ့သော်လည်း မစ္စတာလိုက ငြင်းပယ်ခဲ့သည်။ သူက “မိုင်းထောင်း” ကျန်းမာပျော်ရွှင်စွာ ကြီးပြင်းလာစေလိုပြီး အလွန်အကျွံ စီးပွားရေးအရ ခေါင်းပုံဖြတ်ခံရမည်ကို မလိုလားဟု ဆိုသည်။
ဥပဒေကျွမ်းကျင်သူများက “သားရိုင်းတိရစ္ဆာန် ကာကွယ်ရေးဥပဒေ” တွင် သားရိုင်းတိရစ္ဆာန်များ မွေးမြူခြင်းဆိုင်ရာ သီးသန့်ပြဋ္ဌာန်းချက်များ မပါဝင်သော်လည်း သားရိုင်းတိရစ္ဆာန်များ မွေးမြူခြင်းအတွက် အုပ်ချုပ်ရေးဆိုင်ရာ ခွင့်ပြုချက်ရယူရန် လိုအပ်ကြောင်း ညွှန်ပြထားသည်။ ကျွမ်းကျင်သူများက သတိပေးသည်မှာ ဝက်ရိုင်းများသည် ကာကွယ်ထားသော တိရစ္ဆာန်စာရင်းဝင် မဟုတ်သော်လည်း သားရိုင်းတိရစ္ဆာန်များဖြစ်ပြီး ကိုယ်ပိုင်မွေးမြူခြင်းတွင် ရောဂါပိုးမွှားများ ပါဝင်နိုင်သည့် အန္တရာယ်ရှိသဖြင့် ပုဂ္ဂလိကအဆင့် မွေးမြူခြင်းကို မထောက်ခံကြောင်း သိရသည်။
ဆောင်းပါးအရင်းအမြစ် ။ ။ Red Star News
ဘာသာပြန် ။ ။ Zhang Yinglin
မြန်မာစာတည်းဖြတ်သူ ။ ။ ဘဦး (မြန်မာနိုင်ငံသား)