“မျက်မမြင်များအတွက် အလင်းရောင်ရုပ်ရှင်ရုံ” အသံဖြင့် ကရုဏာနှင့် နွေးထွေးမှုကို ပေးစွမ်းလျက်ရှိ

အရင်းအမြစ်: ပြည်သူ့နေ့စဉ်သတင်းစာ   |    2025-12-05 19:27:43

ယခုရက်ပိုင်းတွင် ကျဲ့ကျန်းပြည်နယ် ကျားရှင်းမြို့နှင့် ယူနန်ပြည်နယ် ပေါင်ရှန်းမြို့စသည့် ဒေသများရှိ ခေတ်သစ်ယဉ်ကျေးမှုလက်တွေ့ဖော်ဆောင်ရေးစင်တာများတွင် အမြင်အာရုံချို့ယွင်းသူ (မျက်မမြင်) များစွာသည် မိသားစုဝင်များနှင့် စေတနာ့ဝန်ထမ်းများပါဝင်သည့် အဖွဲ့များနှင့်အတူ ရုပ်ရှင်ရုံသို့ စိတ်လှုပ်ရှားစွာဖြင့် ရောက်ရှိလာကြသည်။ “ဒါဟာ ကျွန်တော့်အတွက် အများပြည်သူရုပ်ရှင်ရုံကို ပထမဆုံးအကြိမ် ရောက်ရှိလာတာ ဖြစ်ပါတယ်။ လူထုယဉ်ကျေးမှုလှုပ်ရှားမှုမျိုးကိုလည်း တွေ့ကြုံခံစားရပါတယ်။ လူအများနဲ့အတူ ရယ်မောကြတယ်၊ ငိုကြွေးကြတယ်” ဟု မျက်မမြင်တစ်ဦးက ခံစားချက်ကို မှတ်ချက်ပြု ပြောကြားခဲ့သည်။ ယခင်က အကောင်အထည်ဖော်ရန် ခက်ခဲခဲ့သော ယဉ်ကျေးမှုအတွေ့အကြုံများသည် ယခုအခါ မျက်မမြင်များ၏ နေ့စဉ်ဘဝထဲသို့ စတင် စိမ့်ဝင်လျက်ရှိသည်။

ဒီဇင်ဘာလ ၃ ရက်နေ့သည် ၃၄ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ဖြစ်ပြီး တရုတ်နိုင်ငံ ဆက်သွယ်ရေးတက္ကသိုလ်၏ “မျက်မမြင်များအတွက် အလင်းရောင်ရုပ်ရှင်ရုံ”ပရောဂျက်သည် ခေတ်သစ်ယဉ်ကျေးမှု လက်တွေ့ဖော်ဆောင်ရေးစင်တာ တစ်ရာကျော်နှင့် ပူးပေါင်း၍ မသန်စွမ်းသူများအတွက် ရုပ်ရှင်အခမဲ့ပြသပွဲ လှုပ်ရှားမှုကို ဆောင်ရွက်ခဲ့သည်။ နေရာအသီးသီးရှိ မျက်မမြင်များအား အွန်လိုင်းနှင့် အော့ဖ်လိုင်းပေါင်းစပ်နည်းဖြင့် ရုပ်ရှင်ဇာတ်ကား မြောက်မြားစွာကို ကန့်သတ်ချက်မရှိ ကြည့်ရှုနိုင်စေရန် စီစဉ်ပေးထားပြီး စုံလင်ကြွယ်ဝသည့် ကမ္ဘာကြီးဆီသို့ သွားရောက်နိုင်သော “ယဉ်ကျေးမှုလမ်းကြောင်း”တစ်ခုကို ခင်းကျင်းပေးခဲ့သည်။

မျက်မမြင်များအတွက် ရည်ရွယ်သည့် လူမှုအကျိုးပြုပရောဂျက်တစ်ခုဖြစ်သော “မျက်မမြင်များအတွက် အလင်းရောင်ရုပ်ရှင်ရုံ”သည် အသံဖြင့် ကရုဏာနှင့် နွေးထွေးမှုကို ပို့ဆောင်ပေးရန် မပြတ်ကြိုးစားလျက်ရှိသည်။ ၂၀၂၃ ခုနှစ်မှစတင်၍ ဤပရောဂျက်သည် ခေတ်သစ်စံနစ်သစ် ယဉ်ကျေးမှု လုပ်ဆောင်ချက်စနစ်အား အခြေခံကာ အရှိန်အဟုန်ဖြင့် ချဲ့ထွင်လျက်ရှိပြီး နှစ်စဉ်ပျမ်းမျှအားဖြင့် မျက်မမြင်များ ကြည့်ရှုနိုင်ရန် ပြင်ဆင်ထားသော ရုပ်ရှင် ၁၀၄ ကားကို ပို့ဆောင်ပေးခဲ့သည်။

ဆောင်းပါးအရင်းအမြစ်။  ။ ပြည်သူ့နေ့စဉ်သတင်းစာ

ဘာသာပြန်။  ။ Zhang Yinglin       

မြန်မာစာတည်းဖြတ်သူ။  ။ ဘဦး(မြန်မာနိုင်ငံသား)

“မျက်မမြင်များအတွက် အလင်းရောင်ရုပ်ရှင်ရုံ” အသံဖြင့် ကရုဏာနှင့် နွေးထွေးမှုကို ပေးစွမ်းလျက်ရှိ