"နှစ်ပြည့်တစ်ရွာ" က မြန်မာလက်မှုပညာရှင်
တရုတ်-မြန်မာ နယ်စပ် နံပါတ် ၇၁ နယ်နိမိတ်တိုင်နေရာတွင် နံနက်ခင်း၏ပထမဆုံးနေရောင်ခြည်သည် "နှစ်ပြည့်တစ်ရွာ" ရှုခင်းသာနေရာရှိ ဘုရားစေတီအထွဋ်အထိပ်သို့ ဖြာကျလာချိန် အလယ်အလတ်အရွယ် အမျိုးသားတစ်ဦးသည် ၎င်းရှုခင်းသာနေရာ၏ သီးသန့်နေရာတစ်ခုတွင် အလုပ်များလျက်ရှိနေသည်။ သူ့နောက်တွင် ရွှေစေတီ၏ ရွှေရောင်ထိပ်ဖူးများ ဝင်းလက်တောက်ပနေသည်။
"ကျွန်တော်က ရှုခင်းသာနေရာမှာ စေတီတွေတည်တာပါ။ အခုထိ မပြီးသေးတဲ့အလုပ်တွေ အများကြီးရှိသေးတယ်" ဟု သူက ပြောသည်။ သူ၏အမည်မှာ ဇိုင်ရီရှမ်းဖြစ်ပြီး အသက် ၃၇ နှစ်ရှိပြီဖြစ်ကာ မြန်မာနိုင်ငံ နမ့်ခမ်းမြို့သားဖြစ်သည်။ လွန်ခဲ့သည့် ဆယ်စုနှစ်တစ်ခုက မန္တလေးမြို့တွင် သုံးနှစ်ကြာ ဆောက်လုပ်ရေးပညာသင်ကြားခဲ့ဖူးသည်။ ဇနီးနှင့်သားသမီးများနှင့်အတူ နယ်စပ်ဖြတ်ကျော်ကာ "နှစ်ပြည့်တစ်ရွာ" ဟူသော အံ့ဖွယ်မြေပြင်တွင် ဘဝကို အခြေချခဲ့သည်။
"အလုပ်သမားများတဲ့အခါ ၁၀ ယောက်ကျော်ရှိတယ်။ နည်းတဲ့အခါ ၅၊ ၆ ယောက်လောက်ပဲရှိတယ်။ ကျွန်တော်ကိုယ်တိုင်လည်း အလုပ်သမားပါပဲ"ဟု ဇိုင်ရီရှမ်းက ရယ်မောရင်း ပြောသည်။ သူသည် ဒီဇိုင်နာလည်းဖြစ်၊ သံမဏိအလုပ်သမား၊ အုတ်စီအလုပ်သမား၊ လက်သမားနှင့် ဆေးသုတ်သမားလည်း ဖြစ်သည်။
နေဝင်ဆည်းဆာချိန်တွင် ဇိုင်ရီရှမ်းသည် ကိုယ်ပေါ်က ဖုန်များကို ခါချလိုက်ပြီး ရှုခင်းသာနေရာရှိ လူအုပ်ကြီးကို ဖြတ်သန်းကာ အလုပ်မှ အိမ်ပြန်လာခဲ့သည်။ "ဒီစေတီကိုကြည့်ပါ၊ အုတ်နီတွေနဲ့တည်ထားတဲ့စေတီက ပြာနေတဲ့ ကမ္ဘာလုံးကိုထောက်ထားပြီး တစ်ဖက်မှာ တရုတ်နိုင်ငံမြေပုံ၊ နောက်တစ်ဖက်မှာ မြန်မာနိုင်ငံမြေပုံကို ထွင်းထုထားတယ်။ ဒါက နိုင်ငံနှစ်ခုရဲ့ ချစ်ခင်ရင်းနှီးတဲ့ မိတ်ဖက်ဆက်ဆံရေးကို သက်သေပြုနေပါတယ်" ဟု သူက ရှုခင်းသာနေရာ၏ ဝင်ပေါက်ရှိ အဆောက်အဦးတစ်ခုကို ညွှန်ပြရင်း ဂုဏ်ယူဝင့်ကြွားစွာ ပြောဆိုခဲ့သည်။
ဆောင်းပါးအရင်းအမြစ် ။ ။ တယ်ဟုန်ပြည်နယ်ခွဲမီဒီယာစင်တာ
ဘာသာပြန် ။ ။ Zhang Yinglin
မြန်မာစာတည်းဖြတ်သူ ။ ။ ဘဦး(မြန်မာနိုင်ငံသား)