ချုံချင့်-ရန်ကုန် လေကြောင်းခရီးစဉ် ဒီဇင်ဘာ ၈ ရက်တွင် ပထမဆုံးအကြိမ် ပျံသန်းမည်
ဒီဇင်ဘာ ၄ ရက်တွင် တရုတ်နိုင်ငံ ချုံချင့်မြို့မှ မြန်မာနိုင်ငံ ရန်ကုန်မြို့သို့ တိုက်ရိုက်ပျံသန်းပြေးဆွဲမည့် လေကြောင်းခရီးစဉ်ကို တရားဝင်ကြေညာခဲ့ပြီး ဒီဇင်ဘာ ၈ ရက်တွင် ပထမဆုံးအကြိမ် စတင်ပြေးဆွဲမည်ဖြစ်သည်။ ဤခရီးသည်တင်လေကြောင်းခရီးစဉ်ကို နယူးဟိုင်နန်လေကြောင်းလိုင်း၏ အနောက်ပိုင်းလေကြောင်းလိုင်း (West Air) မှ တာဝန်ယူပြေးဆွဲမည်ဖြစ်ပြီး ခရီးစဉ်နံပါတ် PN6529/PN6530 ဖြင့် တစ်ပတ်လျှင် စနေနှင့် တနင်္လာနေ့များတွင် အသွားအပြန်ပြေးဆွဲမည်ဖြစ်သည်။ မြန်မာနိုင်ငံသားများ တရုတ်နိုင်ငံအနောက်ပိုင်းဒေသများသို့ သွားရောက်ရန် သက်သာလွယ်ကူသော ရွေးချယ်စရာတစ်ခုအဖြစ် ပံ့ပိုးပေးမည်ဖြစ်သည်။
ထို့အတူ ချုံချင့်-ရန်ကုန် အပြည်ပြည်ဆိုင်ရာကုန်စည်ပို့ဆောင်ရေး လေကြောင်းခရီးစဉ်ကိုလည်း စတင်ဖွင့်လှစ်ခဲ့သည်။ ဒီဇင်ဘာ ၉ ရက်မှစတင်၍ စာတိုက်လေကြောင်း (Postal Airlines) မှ တစ်ပတ်လျှင် သုံးကြိမ် (အင်္ဂါ၊ ကြာသပတေး၊ စနေနေ့များ) ပြေးဆွဲမည်ဖြစ်ကာ လတ်ဆတ်သောထုတ်ကုန်များနှင့် တန်ဖိုးမြင့်ကုန်ပစ္စည်းများ စီးဆင်းရေးကို အဓိကဦးစားပေးဝန်ဆောင်မှုပေးပြီး မြန်မာနိုင်ငံ၏ ကုန်သွယ်ရေးဖွံ့ဖြိုးတိုးတက်မှုကို အားပေးမည်ဖြစ်သည်။ ထို့အပြင် အနောက်ပိုင်းလေကြောင်းလိုင်းသည် ချုံချင့်--ဟနွိုင်းလေကြောင်းခရီးစဉ်ကို ကြိမ်နှုန်းမြှင့်တင်ခဲ့ပြီး လားဆားမှတစ်ဆင့် စင်ကာပူနိုင်ငံသို့ခရီးစဉ်များ ဖွင့်လှစ်ကာ အရှေ့တောင်အာရှလေကြောင်းခရီးစဉ်ကွန်ရက်ကို ပိုမိုကျစ်လစ်သိပ်သည်းစွာ ချဲ့ထွင်နိုင်ခဲ့သည်။
လေကြောင်းခရီးစဉ်သစ်သည် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံအနောက်ပိုင်းဒေသနှင့် အာဆီယံနိုင်ငံများအကြား အပြန်အလှန် ဆက်သွယ်မှုကို အားကောင်းစေပြီး ခရီးသွားလာရေး၊ ကုန်သွယ်ရေးနှင့် ယဉ်ကျေးမှုဖလှယ်ရေးတို့ကို မြှင့်တင်ပေးနိုင်မည်ဖြစ်သည်။
ဆောင်းပါးအရင်းအမြစ် ။ ။ ပထမမျက်လုံး TV- Hualong သတင်းကွန်ရက်
ဘာသာပြန် ။ ။ Zhang Yinglin
မြန်မာစာတည်းဖြတ်သူ ။ ။ ဘဦး (မြန်မာနိုင်ငံသား)