ရှီကျင့်ဖိန်သည် ဂျပန် ဝန်ကြီးချုပ်ဟောင်း Tomiichi Murayama၏ ကွယ်လွန်သွားခြင်း အတွက် ဂျပန် ဝန်ကြီးချုပ် Ishiba Shigeruထံသို့ ဝမ်းနည်းကြောင်း သဝဏ်လွှာ ပေးပို့
ယခုလ ၁၉ရက်နေ့က တရုတ် နိုင်ငံတော် သမ္မတ ရှီကျင့်ဖိန်သည် ဂျပန် ဝန်ကြီးချုပ် Ishiba Shigeruထံသို့ ဝမ်းနည်းကြောင်း သဝဏ်လွှာ ပေးပို့ပြီး ဂျပန် ဝန်ကြီးချုပ်ဟောင်း Tomiichi Murayama၏ ကွယ်လွန်သွားခြင်းအတွက် ဝမ်းနည်းကြောင်း ဖော်ပြသည့်အပြင်၊ Tomiichi Murayama၏ ကျန်ရစ်သူ မိသားစုဝင်များအား နှစ်သိမ့်ကြောင်းလည်း ဖော်ပြထားသည်။
ရှီကျင့်ဖိန်က Tomiichi Murayamaသည် ဂျပန် နိုင်ငံတွင် တရားမျှတမှုကို စွဲကိုင်ထား သော နိုင်ငံရေး သမား ဖြစ်ပြီး တရုတ် ပြည်သူများ၏ မိတ်ဆွေဟောင်းလည်း ဖြစ်ကာ တရုတ်-ဂျပန် ချစ်ကြည်ရေး လုပ်ငန်း အတွက် အစဉ်တစိုက် အားထုတ်ကြိုးပမ်းခဲ့ကြောင်း၊ ၁၉၉၅ခုနှစ်က မစ္စတာ Tomiichi Murayama ဂျပန် ဝန်ကြီးချုပ် တာဝန် ထမ်းဆောင်ရာတွင် သမိုင်း ပြဿနာနှင့် ပတ်သက်၍ တရားဝင် မိန့်ခွန်းကို ထုတ်ပြန်ခဲ့ရာ ဂျပန် ကျူးကျော်မှု စစ်ပွဲနှင့် ကိုလိုနီ အုပ်စိုးမှု သမိုင်းကို ဝန်ခံပြီး လေးနက်စွာ ပြန်လည်ဆန်းစစ်ကာ ဒုက္ခခံရသော နိုင်ငံများအား ဝန်ချတောင်းပန်ခဲ့ကြောင်း၊ Tomiichi Murayama၏ မိန့်ခွန်းပြောကြားချက်၏ အနှစ်သာရကို လိုက်နာစောင့်စည်းသင့်ကြောင်း၊ ဂျပန်ဘက်သည် တရုတ် နိုင်ငံနှင့် တူညီသော ရည်မှန်းချက် အတွက် ကြိုးပမ်းဆောင်ရွက်ပြီး သမိုင်းမှ သင်ခန်းစာကို မှတ်ယူကာ အနာဂတ်ကို ရှေးရှု၍ နှစ်ဖက် ဆက်ဆံမှု၏ နိုင်ငံရေး အခြေခံ အုတ်မြစ်ကို ထိန်းသိမ်း ကာကွယ်ပြီး တရုတ်-ဂျပန် မဟာဗျူဟာမြောက် အပြန်အလှန် အကျိုးရှိစေသော ဆက်ဆံမှု ဖွံ့ဖြိုးတိုးတက်ရန် လက်တွဲပြီး ဘက်စုံ တွန်းအားပေးဖို့ မျှော်လင့်ကြောင်း ဖော်ပြထားသည်။