ရှီကျင့်ဖိန်က ကုလသမဂ္ဂစားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့တည်ထောင်ခဲ့သည့် နှစ် (၈၀)ပြည့် အထိမ်းအမှတ် အတွက် ဂုဏ်ပြုသဝဏ်လွှာပေးပို့

အရင်းအမြစ်:CRI   |    2025-10-17 18:48:00

အောက်တိုဘာလ ၁၆ ရက်နေ့တွင် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့(FAO) ဖွဲ့စည်းတည်ထောင်ခဲ့သည့် နှစ်(၈၀)ပြည့် အထိမ်းအမှတ်အတွက် ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့ပါသည်။

ရှီကျင့်ဖိန်က ကုလသမဂ္ဂစားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့သည် ကမ္ဘာ့စားနပ်ရိက္ခာလုံခြုံရေးအတွက် အာမခံပေးခြင်း၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စားနပ်ရိက္ခာ စည်းစနစ် ပြောင်းလဲရေးအတွက် တွန်းအားပေးခြင်းနှင့် နိုင်ငံအသီးသီးမှ ပြည်သူများ၏ နေထိုင်မှု ဘဝ အဆင့်အတန်း မြှင့်တင်ခြင်းတို့တွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင် ဆောင်ရွက်ကြောင်း ဖော်ပြခဲ့သည်။

ရှီကျင့်ဖိန်က တရုတ်အစိုးရသည် စားနပ်ရိက္ခာလုံခြုံရေးကို လွန်စွာ အလေးထားကြောင်း၊ ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ကို နိုင်ငံတကာ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေး ကဏ္ဍတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်နိုင်ရန် ယခင်ကဲ့သို့ပင် ဆက်လက် အားပေး ထောက်ခံသွားမည်ဖြစ်ကြောင်း၊ နိုင်ငံတကာမိသားစုကြီးနှင့်အတူ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးရေး အဆိုပြုချက်ကို လက်တွဲအကောင်အထည်ဖော်ဆောင်ကာ လူသားကံကြမ္မာတူ အသိုက် အဝန်း တည်ဆောက်ရန် တွန်းအားပေးပြီး နိုင်ငံအသီးသီးမှ ပြည်သူများ၏ ကောင်း ကျိုးများကို တိုးမြှင့်ရန် ပိုမိုကြီးမားသော အကျိုးပြုစွမ်းဆောင်မှုအသစ်များ ပြုလုပ်လိုကြောင်း အလေးထားပြောကြားခဲ့ပါသည်။

ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ကို ၁၉၄၅ခုနှစ် အောက်တိုဘာလ ၁၆ရက်နေ့တွင် တည်ထောင်ခဲ့ပြီး တရုတ်နိုင်ငံသည် ယင်းအဖွဲ့ စတင် တည်ထောင်စဉ်ကတည်းက ပါဝင်ခဲ့သည့် အဖွဲ့ဝင်နိုင်ငံ ဖြစ်ပါသည်။

ရှီကျင့်ဖိန်က ကုလသမဂ္ဂစားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့တည်ထောင်ခဲ့သည့် နှစ် (၈၀)ပြည့် အထိမ်းအမှတ် အတွက် ဂုဏ်ပြုသဝဏ်လွှာပေးပို့