ရှီကျင့်ဖိန်သည် တရုတ်ပြည်သူများ၏ ဂျပန်ခုခံ တော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ ဖက်ဆစ် တော်လှန်ရေး စစ်ပွဲ အောင်နိုင်ခြင်း နှစ် ၈၀ ပြည့် အထိမ်းအမှတ် အခမ်းအနားတွင် အရေးကြီးမိန့်ခွန်းပြောကြား
နိုင်ငံတစ်ဝန်းက မွေးချင်းပေါက်ဖော်များ၊ လေးစားအပ်တဲ့ နိုင်ငံအသီးသီးမှ အကြီးအကဲများ၊ အစိုးရထိပ်သီးခေါင်းဆောင်များနဲ့ နိုင်ငံတကာအဖွဲ့အစည်းမှ ကိုယ်စားလှယ်များ၊ ဧည့်သည်တော်များ၊ ဗိုလ်ရှုခံ တပ်မှုးတပ်သားများ၊ ရဲဘော်များနဲ့ မိတ်ဆွေများခင်ဗျာ။
ဒီကနေ့ ကျွန်တော်တို့ တရုတ်ပြည်သူများရဲ့ ဂျပန်ခုခံတော်လှန်ရေးစစ်ပွဲ အောင်နိုင်ခြင်းနဲ့ ကမ္ဘာ့ဖက်ဆစ် တော်လှန်ရေးစစ်ပွဲအောင်နိုင်ခြင်း နှစ်(၈၀)ပြည့်မြောက်ခြင်း အထိမ်းအမှတ် အခမ်းအနားကို ခမ်းနားသိုက်မြိုက်စွာ ဂုဏ်ပြုဆင်နွှဲကြပါတယ်။ သမိုင်းကြောင်းကို အတူ အမှတ်အသားပြုရင်း၊ အာဇာနည်များကို လွမ်းဆွတ် သတိရအောက်မေ့ရင်း ငြိမ်းချမ်းရေးကိုရှေ့ရှု၍ အနာဂတ်ကို အတူ ဖန်တီးသွားကြဖို့ ဖြစ်ပါတယ်။
ကျွန်တော်က တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ၊ တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက်၊ နိုင်ငံတော်ကောင်စီ၊ ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့်နဲ့ ဗဟိုစစ်ရေးကော်မရှင်တို့ ကိုယ်စား တစ်ပြည်လုံးမှ ဂျပန်ခုခံတော်လှန်ရေးစစ်ပွဲမှာ ပါဝင်ခဲ့ကြတဲ့ စစ်သားဟောင်းတို့၊ ဝါရင့်ရဲဘော်တို့၊ မျိုးချစ်ပုဂ္ဂိုလ်၊ ဂျပန်ခုခံတော်လှန်ရေး စစ်ဗိုလ်အပေါင်းတို့နဲ့ ဂျပန်ခုခံတော်လှန်ရေးစစ်ပွဲအောင်နိုင်ခြင်းအတွက် အရေးကြီး စွမ်းဆောင်မှုတွေပြုခဲ့ကြတဲ့ ပြည်တွင်းပြည်ပက တရုတ်သွေးချင်းသားချင်းအပါင်းတို့အား များစွာ ဂါဝရပြု လေးစားပါကြောင်း၊ ကျူးကျော်မှုခုခံတိုက်ပွဲမှာ တရုတ်ပြည်သူတို့ကို ကူညီထောက်ပံ့မှုတွေပေးခဲ့ဖူးတဲ့ နိုင်ငံခြားအစိုးရနဲ့ နိုင်ငံတကာချစ်ကြည်ရေးပုဂ္ဂိုလ် အပေါင်းတို့အား နှစ်နှစ်ကာကာ ကျေးဇူးတင်ရှိပါကြောင်း၊ အခမ်းအနားသို့ ကြွရောက်လာကြတဲ့ နိုင်ငံအသီးသီးက ဧည့်သည်တော်အပေါင်းတို့အား လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါကြောင်း ပြောကြားလိုပါတယ်။
ရဲဘော်တို့၊ မိတ်ဆွေတို့၊
တရုတ်ပြည်သူတို့ရဲ့ ဂျပန်ခုခံတော်လှန်ရေးစစ်ပွဲဟာ ခက်ခဲကြမ်းတမ်းမှုများစွာနဲ့ တိုက်ခဲ့ရတဲ့ ကြီးမြတ်လှတဲ့ စစ်ပွဲကြီးဖြစ်ပါတယ်။ တရုတ်ကွန်မြူနစ်ပါတီရဲ့ တိုက်တွန်းမှုနဲ့ တည်ဆောက်ခဲ့တဲ့ ဂျပန်ခုခံတော်လှန်ရေး အမျိုးသားညီညွတ်ရေးတပ်ပေါင်းစုရဲ့ အလံတော်အောက်မှာ တရုတ်ပြည်သူတို့ဟာ ရန်သူများကို ရဲရဲဝံ့ဝံ့ခြေမှုန်းကာ အသက်သွေးချွေးများနဲ့ မဟာတံတိုင်းကြီးကို တည်ဆောက်နိုင်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ဆယ်စုနှစ်များစွာက ပြင်ပရန်သူများဝင်ရောက်ကျူးကျော်မှုကို အပြည့်အဝ ခုခံတော်လှန်နိုင်ခဲ့တဲ့ ပထမဆုံး အောင်ပွဲကြီး ဖြစ်ပါတယ်။
တရုတ်ပြည်သူတို့ရဲ့ ဂျပန်ခုခံတော်လှန်ရေးစစ်ပွဲဟာ ကမ္ဘာ့ဖက်ဆစ်တော်လှန်ရေး စစ်ပွဲထဲက အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ တရုတ်ပြည်သူတို့ဟာ ကြီးမားတဲ့ ပေးဆပ်မှုတွေနဲ့ စွန့်လွှတ်အနစ်နာခဲ့ရပြီး လူသားယဉ်ကျေးမှုကယ်တင်ဖို့နဲ့ ကမ္ဘာ့ငြိမ်းချမ်းမှုထိန်းသိမ်း ကာကွယ်ဖို့အတွက် အရေးပါတဲ့ အကျိုးပြုစွမ်းဆောင်မှုများ ပြုလုပ်ခဲ့ပါတယ်။
သမိုင်းထဲမှာသင်ခန်းစာရှိပါတယ်။ လူသားကံကြမ္မာ အချင်းချင်းချိတ်ဆက်ထားနေလို့ နိုင်ငံအသီးသီး၊ လူမျိုးအသီးသီးတို့ဟာ တန်းတူရည်တူ သဘောထားမှ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်မှ၊ အပြန်အလှန် ဖေးမကူညီမှသာလျှင် ဘုံလုံခြုံမှုကို ထိန်းသိမ်း ကာကွယ်ပေးနိုင်မယ်၊ စစ်ပွဲဖြစ်စေမယ့် အရင်းအမြစ်ကို ပယ်ဖျောက်သွားနိုင်မယ်၊ သမိုင်းထဲက ဝမ်းနည်းဖွယ်ရာ ဖြစ်ရပ်ဆိုးကို ထပ်မဖြစ်စေဖို့ တားဆီးနိုင်ပါမယ်။
ရဲဘော်တို့၊ မိတ်ဆွေတို့။
တရုတ်လူမျိုးဟာ ရက်စက်ကြမ်းကြုတ်မှုကိုမကြောက်မရွံ့၊ ကိုယ့်ခြေထောက်အပေါ် ကိုယ်ရပ်ပြီး ကိုယ့်အားကိုယ်ကိုးတဲ့ မွန်မြတ်တဲ့ လူမျိုးတစ်မျိုးဖြစ်ပါတယ်။ ဟိုအရင်ခေတ်တုန်းက အမှားနဲ့အမှန်၊ အမှောင်နဲ့အလင်း၊ တရားမျှတမှုနဲ့ဆိုးသွမ်းမှုနဲ့ ရင်ဆိုင်ရတဲ့အချိန်မှာ၊ သေရေးရှင်ရေးနဲ့ရင်ဆိုင်ရတဲ့အချိန်မှာ၊ တရုတ်ပြည်သူတို့ဟာ သွေးစည်းညီညွတ်ပြီး ရန်သူ့ကိုရဲရဲဝံ့ဝံ့တိုက်ခိုက်ချေမှုန်းကာ နိုင်ငံတော်အတွက်၊ အမျိုးသား ပြန်လည်ရှင်သန်ရေး အတွက် တိုက်ပွဲဝင်ခဲ့ကြပါတယ်။ ဒီနေ့မှာလည်း လူသားတွေဟာ ငြိမ်းချမ်းရေးနဲ့စစ်မက်၊ ဆွေးနွေးမှုနဲ့ရန်ပြုမှု၊ အတူအောင်နိုင်မှုနဲ့ zero-sum ဖြစ်မှုတို့နဲ့ နောက်ထပ်တစ်ကြိမ် ပြန်လည်ရင်ဆိုင်နေရပါတယ်။ တရုတ်ပြည်သူတို့ဟာ သမိုင်းရဲ့ မှန်ကန်တဲ့ဘက်မှာ မယိမ်းမယိုင် ရပ်တည်နေပါမယ်၊ လူသားယဉ်ကျေးမှု တိုးတက်ရေး ဘက်မှာ ရပ်တည်နေပါမယ်၊ ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းအတိုင်း ဦးလည် မသုန် လျှောက်လှမ်းပါမယ်၊ လူသားကံကြမ္မာတူအသိုက်အဝန်း အတူတူတည်ဆောက်ရေး အတွက် နိုင်ငံအသီးသီးက ပြည်သူတို့နဲ့အတူ လက်တွဲ ကြိုးပမ်းသွားကြမှာ ဖြစ်ပါတယ်။
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ဟာ ပါတီနဲ့ပြည်သူတို့အတွက် အမြဲတမ်း အပြည့်အဝ ယုံကြည်အားကိုးနိုင်တဲ့ သူရဲကောင်းတပ်မတော်ဖြစ်ပါတယ်။ တပ်မတော် တစ်ရပ်လုံးအနေနဲ့ မွန်မြတ်တဲ့ တာဝန်ဝတ္တရားတွေကို မလွဲမသွေ ထမ်းဆောင် စေပြီး ကမ္ဘာ့ထိပ်တန်းတပ်မတော်ဖြစ်လာအောင် အားဖြည့်တည်ဆောက်ရမယ်။ နိုင်ငံတော်အချုပ် အခြာအာဏာ၊ တပေါင်းတစည်းတည်းဖြစ်ရေးနဲ့ နယ်မြေတည်တံ့ပြည့်စုံမှုတို့ကို ပြတ်ပြတ် သားသား ကာကွယ်စောင့်ရှောက်ပေးရမှာဖြစ်ပြီး တရုတ်လူမျိုးရဲ့ မွန်မြတ်သော ရှင်သန်ရေးအတွက် မဟာဗျူဟာမြောက် ထောက်ပံ့မှုဖြစ်စေရမယ်၊ ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပိုမိုကြီးမားတဲ့ စွမ်းဆောင်မှုတွေပြုလုပ်ရမှာ ဖြစ်ပါတယ်။
သမိုင်းဆိုတာဟာ အတိတ်ကိုဆက်ခံထားသလို အနာဂတ်ကိုလည်း ဖွင့်လှစ်ပေးပါတယ်။ ခေတ်သစ်ခရီးစဉ်သစ်မှာ နိုင်ငံတဝန်းလုံးက တိုင်းရင်းသားပြည်သူအပေါင်း တရုတ်ကွန်မြူနစ်ပါတီရဲ့ အားကောင်းတဲ့ ဦးဆောင်မှုအောက်မှာ မက်စ် လယ်နင်ဝါဒ၊ မော်စီတုန်းအတွေးအခေါ်၊ တိန့်ရှောင်ဖိန်သဘောတရား၊ ကိုယ်စားပြု(၃)ခုအတွေးအခေါ်နဲ့ သိပ္ပံနည်းကျဖွံ့ဖြိုးရေးအမြင်တို့ကို စွဲမြဲစွာ စောင့်ထိန်းကာ ခေတ်သစ် တရုတ်ထူးခြားချက် ဝိသေသပါရှိတဲ့ ဆိုရှယ်လစ်အတွေးအခေါ်ကို ဘက်စုံ အကောင်အထည်ပေါ်လာအောင် ကြိုးစားရပါမယ်။ တရုတ်ထူးခြားချက်ဝိသေသပါရှိတဲ့ ဆိုရှယ်လစ်လမ်းကြောင်းအတိုင်း ဦးလည်မသုန် ရှေ့ဆက်လျှောက်လှမ်းရပါမယ်။ မွန်မြတ်တဲ့ ဂျပန်ခုခံတော်လှန်ရေး စိတ်ဓါတ်ကိုထွန်းကားစေပြီး အားမာန်အပြည့်နဲ့ ရဲရဲချီတက်ကြရမယ်။ တရုတ်အသွင်ပုံစံ ခေတ်မီရေးနဲ့ အင်အားတောင့်တင်းတဲ့နိုင်ငံတော်ဖြစ်လာစေရေးအတွက်၊ မွန်မြတ်တဲ့ တရုတ်လူမျိုးများရှင်သန်ရေးတို့ အတွက် ဘက်စုံ တွန်းအားပေး ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။
ကြီးမြတ်သော တရုတ်လူမျိုး မဟာ ရှင်သန်ရေးကို တားလို့မရ။ ကြီးမြတ်သော ကမ္ဘာ့လူသား ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်း အောင်မြင်ပါ့မယ်။