ရှီကျင့်ဖိန်သည် ရုရှား ဖက်ဒရေးရှင်း လုံခြုံရေးကောင်စီ အတွင်းဝန် ရှော်အီဂူနှင့် တွေ့ဆုံ
ဖေဖေါ်ဝါရီလ ၂၈ ရက်နေ့ ညနေပိုင်းက တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဘေကျင်း ပြည်သူ့ခန်းမဆောင်ကြီး၌ ရုရှား ဖက်ဒရေးရှင်း လုံခြုံရေးကောင်စီ အတွင်းဝန် ရှော်အီဂူနှင့် တွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင် ရှီကျင့်ဖိန်က တရုတ်နှင့် ရုရှားတို့သည် တောတောင်ရေမြေချင်း ဆက်စပ်နေသော အိမ်နီးချင်းနိုင်ငံများ ဖြစ်ပြီး စမ်းသပ်မှု အကြိမ်ကြိမ် ခံခဲ့ရဖူးသော ခိုင်ခံ့သည့် မိတ်ဆွေအစစ်လည်း ဖြစ်ကြောင်း၊ ယခုနှစ်သည် တရုတ်နိုင်ငံ၏ ဂျပန်ကျူးကျော်မှု ခုခံရေးစစ်ပွဲ၊ ဆိုဗီယက် နိုင်ငံတော်ကာကွယ်ရေးစစ်ပွဲနှင့် နိုင်ငံတကာ ဖက်ဆစ် ဆန့်ကျင်ရေးစစ်ပွဲများ အောင်မြင်ခဲ့သည့် နှစ် ၈၀ ပြည့်မြောက်သည့်နှစ် ဖြစ်သည့်အပြင် ကုလသမဂ္ဂ တည်ထောင်ခဲ့သည့် နှစ် ၈၀ ပြည့်မြောက်သည့်နှစ်လည်း ဖြစ်ကြောင်း၊ ဤကဲ့သို့သော သမိုင်းအဓိပ္ပာယ် ပါရှိသောနှစ်တွင် တရုတ်-ရုရှား ဆက်ဆံရေးတွင် အရေးကြီးသည့် အစီအမံသစ်များကို ရင်ဆိုင်သွားလိမ့်မည် ဖြစ်ကြောင်း၊ နှစ်နိုင်ငံ အဆင့်ဆင့်တို့ အနေနှင့် ရင်းနှီးစွာ ကူးလူးဆက်ဆံပြီး မိမိနှင့် သမ္မတ ပူတင်တို့ ရရှိသော သဘောတူညီချက်များကို ဘက်စုံ ဖော်ဆောင်ရမည် ဖြစ်ကာ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုနှင့် လက်တွေ့ကျကျ ပူးပေါင်းဆောင်ရွက်မှုများ အဆက်မပြတ် နက်ရှိုင်းလာစေပြီး နှစ်နိုင်ငံ လက်တွဲကာ ဖွံ့ဖြိုးတိုးတက်ရှင်သန်ရေးကို တွန်းအားပေးရမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ရှော်အီဂူသည် သမ္မတပူတင်၏ ရှီကျင့်ဖိန်အား ခင်မင်ရင်းနှီးစွာ နှုတ်ခွန်းဆက်စကား ပါးလိုက်ကြောင်းကို တစ်ဆင့် ပြောကြားခဲ့သည်။ ရှော်အီဂူက ရုရှား-တရုတ် ဆက်ဆံရေးသည် မကြုံစဖူးသော မြင့်မားသည့် အရည်အချင်း၌ တည်ရှိနေပြီး တတိယဘက် တစ်စုံတစ်ခုအား ရည်ညွှန်းခြင်း မရှိကြောင်း၊ ရုရှား-တရုတ် ဆက်ဆံရေးသည် ကမ္ဘာပေါ်တွင် အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်နေပြီး နိုင်ငံကြီးများ အကြား ဆက်ဆံရေး၏ စံနမူနာကောင်းကို ပြသထားကြောင်း၊ နှစ်နိုင်ငံတို့သည် အစဉ်တစိုက် အပြန်အလှန် ယုံကြည်ပြီး တန်းတူရည်တူ တိုင်ပင်ဆွေးနွေးကာ နှစ်နိုင်ငံအကြား မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုသည် နှစ်ဖက်တို့၏ ဘုံအကျိုးစီးပွားများနှင့် ကိုက်ညီပါကြောင်း ပြောကြားခဲ့ပါသည်။