ရှီကျင့်ဖိန်နှင့် ပူတင်တို့ တယ်လီဖုန်းဖြင့် ဆက်သွယ်

အရင်းအမြစ်:CRI   |    2025-02-25 13:26:00

ဖေဖေါ်ဝါရီလ ၂၄ ရက်နေ့ ညနေပိုင်းက တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ကမ်းလှမ်းချက်အရ ရုရှားသမ္မတ ပူတင်နှင့် တယ်လီဖုန်းဖြင့် ဆက်သွယ်ခဲ့ပါသည်။

ရှီကျင့်ဖိန်က တရုတ်နွေဦးပွဲတော်မတိုင်မီက မိမိသည် အဆွေတော် သမ္မတနှင့် ဗီဒီယိုဖြင့် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့ရာ တစ်နှစ်တာလုံး နှစ်နိုင်ငံ ဆက်ဆံမှု တိုးတက်ရေးနှင့် ပတ်သက်ပြီး ဦးဆောင် စီမံမှုများကို ပြုလုပ်ကာ နိုင်ငံတကာနှင့် ဒေသ ရေးရာများနှင့် ပတ်သက်၍ ညှိနှိုင်းမှုများကို မြှင့်တင်ခဲ့ကြောင်း၊ နှစ်နိုင်ငံမှ သက်ဆိုင်ရာ ဌာနများသည် မိမိတို့ ရရှိခဲ့သော သဘောတူညီချက်များအရ နယ်ပယ်အသီးသီးမှ ပူးပေါင်းဆောင်ရွက်မှုများကို ခြေလှမ်းမှန်မှန် မြှင့်တင်ဆောင်ရွက်နေကြောင်း၊ တရုတ်နှင့် ရုရှားတို့သည် ရွှေ့ပြောင်းလို့ မရသော အိမ်နီးချင်းကောင်း ဖြစ်ပြီး အေးအတူ ပူအမျှ၊ အပြန်အလှန် အားပေး၊ လက်တွဲ ဖွံ့ဖြိုးတိုးတက်သော မိတ်ဆွေအစစ်ပင် ဖြစ်သည်ဟု သမိုင်းနှင့် လက်တွေ့ဖြစ်ရပ်များက ပြသထားကြောင်း၊ တရုတ်နှင့် ရုရှား ဆက်ဆံရေးတွင် အားကောင်းသော အတွင်းပိုင်း တွန်းအားနှင့် ထူးခြားသော မဟာဗျူဟာမြောက် တန်ဖိုးများ ရှိကာ တတိယဘက်အား ရည်မှန်းခြင်း မရှိသကဲ့သို့ တတိယဘက်မှ သက်ရောက်မှုကို ခံမည်လည်း မဟုတ်ကြောင်း၊ နိုင်ငံတကာ အခြေအနေများ မည်သို့ပင် ပြောင်းလဲစေကာမူ နှစ်နိုင်ငံ ဆက်ဆံရေးသည် ခြေလှမ်းမှန်မှန် ချီတက်မည် ဖြစ်ကာ ကိုယ့်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုပြီး နိုင်ငံတကာ ဆက်ဆံရေးအတွက်လည်း တည်ငြိမ်ဖွယ်ရာနှင့် အပြုသဘောဆောင်သော အချက်များ ထည့်သွင်းပေးမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ပူတင်က ရုရှားနိုင်ငံသည် တရုတ်နိုင်ငံနှင့် ဆက်ဆံရေးကို လွန်စွာ အလေးထားကြောင်း၊ တရုတ်နိုင်ငံနှင့် ဆက်ဆံမှု တိုးတက်ခြင်းသည် ယာယီ အစီအမံ လုံးဝ မဟုတ်ဘဲ ရုရှား၏ ရေရှည် ရှုထောင့်အရ ပြုလုပ်သော မဟာဗျူဟာမြောက် ရွေးချယ်ဖွယ်ရာ ဖြစ်ကာ အချိန်အခါနှင့် ကိစ္စတစ်ခုခု၏ ရိုက်ခတ်မှုကိုခံမည်မဟုတ်သလို ပြင်ပမှ နှောင့်ယှက်မှုတွေကိုလည်း ခံမည်မဟုတ်ကြောင်း ပြောကြားခဲ့ပါသည်။

ရှီကျင့်ဖိန်နှင့် ပူတင်တို့ တယ်လီဖုန်းဖြင့် ဆက်သွယ်