ရှီကျင့်ဖိန်သည် နိုင်ငံတကာ အိုလံပစ် ကော်မတီ ဥက္ကဋ္ဌ Bachကို တွေ့ဆုံ
ယခုလ ၇ရက်နေ့ ညနေပိုင်းက တရုတ် နိုင်ငံတော် သမ္မတ ရှီကျင့်ဖိန်သည် နဝမအကြိမ်မြောက် အာရှဆောင်းရာသီအားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ရန် တရုတ်နိုင်ငံသို့ ရောက်ရှိနေသည့် နိုင်ငံတကာ အိုလံပစ် ကော်မတီ ဥက္ကဋ္ဌ Bach အား ဟာဘင်မြို့ရှိ Sun Island ဟိုတယ်တွင် တွေ့ဆုံနှုတ်ဆက်ခဲ့သည်။
ထိုသို့ တွေ့ဆုံနှုတ်ဆက်ရာတွင် ရှီကျင့်ဖိန်က မကြာခင်နှစ်များတွင် တရုတ် နိုင်ငံသည် ဘေကျင်း အိုလံပစ် အားကစားပွဲတော်၊ ချင်တူး ကမ္ဘာ့ တက္ကသိုလ် ကျောင်းသူကျောင်းသား များ နွေရာသီ အားကစား ပြိုင်ပွဲ၊ ဟန်ကျိုး အာရှ အားကစားပြိုင်ပွဲများကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီး ယနေ့ညတွင်လည်း ဟာဘင် အာရှ ဆောင်းရာသီ အားကစား ပြိုင်ပွဲကို ဖွင့်လှစ်မည် ဖြစ်ကြောင်း ၊ အခုလို အရေးကြီးသည့် အားကစားပြိုင်ပွဲများကို ကျင်းပခြင်းသည် တရုတ်နှင့် နိုင်ငံတကာ အိုလံပစ် ကော်မတီ အကြား ရင်းနှီးသော ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်နေခြင်းကို ပြသနေခြင်းဖြစ်ကြောင်း၊ အိုလံပစ် စိတ်ဓာတ်သည် လူသား ယဉ်ကျေးမှု၏ အရေးကြီးသည့် အစိတ်အပိုင်း ဖြစ်ပြီး မိမိတို့သည် နိုင်ငံတကာ အိုလံပစ် ကော်မတီနှင့် အတူ အိုလံပစ် အားကစား အဆင့်အတန်း အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်ရန် အားသွန်ခွန်စိုက် ဆက်လက် လက်တွဲ ဆောင်ရွက်လိုကြောင်း ပြောကြားခဲ့သည်။
Bach ကလည်း လွန်ခဲ့သည့် နှစ်များတွင် နိုင်ငံတကာ အိုလံပစ် ကော်မတီ အပေါ် တရုတ်နိုင်ငံမှ အင်တိုက်အားတိုက် အားပေးထောက်ခံမှုကို ကျေးဇူးတင်ရှိကြောင်း၊ တရုတ် နိုင်ငံသည် ဘေကျင်း အိုလံပစ် အားကစား ပွဲတော် အပါအဝင် အရေးကြီးသည့် အားကစားပြိုင်ပွဲများကို အံ့ဩမှင်သက်ဖွယ်ကောင်းပြီး မမေ့နိုင်တဲ့ ပွဲတော်တွေအဖြစ် အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီး နိုင်ငံတကာ အိုလံပစ် လုပ်ငန်း အတွက် အရေးကြီးသည့် အကျိုးပြုမှု များကို စွမ်းဆောင်ပေးနိုင်ခဲ့ကြောင်း၊ တရုတ် နိုင်ငံသည် ပိုမိုကြီးမားသည့် ဖွံ့ဖြိုးတိုးတက်မှု ကောင်းကျိုးရလဒ်များ အဆက်မပြတ် ရရှိခြင်းဖြင့် ကမ္ဘာ့ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် ပိုမို ကြီးမားသည့် အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်မည် ဖြစ်သလို ယခုကျင်းပသည့် ဟာဘင် အာရှ ဆောင်းရာသီ အားကစားပြိုင်ပွဲကိုလည်း အောင်မြင်စွာ ကျင်းပနိုင်လိမ့်မည်ဟု မိမိအနေဖြင့် ယုံကြည်ကြောင်း ပြောကြားခဲ့သည်။