ရှီကျင့်ဖိန် သည် ဇာဒါရီ နှင့် တွေ့ဆုံ
ဖေဖော်ဝါရီလ ၅ ရက်နေ့ ညနေပိုင်းတွင် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် သည် ဘေကျင်းမြို့ရှိ ပြည်သူ့ခန်းမဆောင်ကြီးတွင် တရုတ်နိုင်ငံသို့ အလည်အပတ်ရောက်ရှိနေ သည့် ပါကစ္စတန်နိုင်ငံသမ္မတ ဇာဒါရီ နှင့် တွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင် သမ္မတ ရှီကျင့်ဖိန်က တရုတ်နိုင်ငံအနေဖြင့် ပါကစ္စတန်နိုင်ငံနှင့် အတူ ကိုယ်စီခေတ်မီရေးလမ်းကြောင်းပေါ်တွင် လက်တွဲကြိုးပမ်းဆောင်ရွက်ပြီး ခေတ်သစ် တွင် ပိုမိုရင်းနှီးသော တရုတ်-ပါကစ္စတန်ကံကြမ္မာတူအသိုက်အဝန်းကို အရှိန်မြှင့် တည်ဆောက်ကာ နှစ်နိုင်ငံပြည်သူများအား ပိုမိုကောင်းမွန်စွာ အကျိုးပြုစွမ်းဆောင်၍ ဒေသတွင်းငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် စည်ပင်ဝပြောရေးအတွက် ပိုမိုကြီးမားသော အကျိုးပြုစွမ်းဆောင်မှုများ ပြုလုပ်ရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့ပါသည်။ သမ္မတ ရှီကျင့်ဖိန် က တရုတ်နိုင်ငံအနေဖြင့် ပါကစ္စတန်နိုင်ငံနှင့်အတူ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး မူကြီး ၅ ရပ်ကို စွဲကိုင်ထားပြီး တစ်ဖက်သတ်ဝါဒနှင့် ဗိုလ်ကျစိုးမိုးရေးလုပ်ရပ်များကို ဆန့်ကျင်ကာ ဘက်ပေါင်းစုံပူးပေါင်းဆောင်ရွက်ရေးကို မြှင့်တင်၍ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ဘုံအကျိုးစီးပွား များကို ကာကွယ်ထိန်းသိမ်းပြီး ဖွံ့ဖြိုးတိုးတက်စေရန် ဆန္ဒရှိကြောင်း အလေးထားပြောကြားခဲ့ပါသည်။
သမ္မတ ဇာဒါရီက ပါကစ္စတန်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံမှ ပါကစ္စတန်နိုင်ငံ၏ စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်ရန်အတွက် ကိုယ်ကျိုးမဖက်ဘဲ အကူအညီများ ထောက်ပံ့ပေးခြင်းအတွက် ကျေးဇူးတင်ရှိပါကြောင်း၊ တရုတ်နိုင်ငံ၏ အောင်မြင်သော အတွေ့အကြုံများကို သင်ယူလေ့လာပြီး တရုတ်-ပါကစ္စတန်စီးပွားရေးစင်္ကြံနှင့် နယ်ပယ် အသီးသီးတွင် ပူးပေါင်းဆောင်ရွက်မှုများ အရည်အသွေးမြင့်မားစွာ ဖွံ့ဖြိုးတိုးတက်စေကာ ပါကစ္စတန်နိုင်ငံတွင် စက်မှုလုပ်ငန်းထွန်းကားရေးနှင့် ခေတ်မီရေးကို အကောင်အထည်ဖော် ရာမှာ အထောက်အကူပြုရန် ဆန္ဒရှိကြောင်း၊ ပါကစ္စတန်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့် ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်ပြီး ဘက်ပေါင်းစုံဝါဒကို စွဲကိုင်ထားကာ လွတ်လပ်သော ကုန်သွယ်ရေးကို ကာကွယ်ထိန်းသိမ်း၍ နှစ်နိုင်ငံနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ဘုံအကျိုး စီးပွားကို မြှင့်တင်ရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့ပါသည်။
တွေ့ဆုံပွဲ ကျင်းပပြီးနောက် နှစ်နိုင်ငံထိပ်သီးခေါင်းဆောင်များ၏ ရှေ့မှောက်တွင် တရုတ်-ပါကစ္စတန်စီးပွားရေးစင်္ကြံ ပူးတွဲတည်ဆောက်ရေး၊ ကုန်သွယ်ရေး၊ သိပ္ပံနည်းပညာ၊ အသံလွှင့်နှင့် ရုပ်မြင်သံကြားစသည့် နယ်ပယ်များတွင် နှစ်နိုင်ငံအကြား ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ စာရွက်စာတမ်းများကိုလည်း လက်မှတ်ရေးထိုးခဲ့ကြပါသည်။