ရှီကျင့်ဖိန်သည် ဘရူနိုင်းနိုင်ငံ ဘုရင် စူလတန် Hassanal နှင့် တွေ့ဆုံ
တရုတ်သမ္မတ ရှီကျင့်ဖိန်သည် တရုတ်နိုင်ငံသို့ လာရောက်လည်ပတ်သည့် ဘရူနိုင်း ဘုရင် စူလတန် Hassanal နှင့် ဖေဖော်ဝါရီလ ၆ ရက်နေ့ နံနက်ပိုင်းတွင် ဘေကျင်းပြည်သူ့ ခန်းမဆောင်ကြီး၌ တွေ့ဆုံခဲ့ပါသည်။
ရှီကျင့်ဖိန်က တရုတ်နိုင်ငံနှင့် ဘရူနိုင်းနိုင်ငံတို့ကြား ကံကြမ္မာတူအသိုက်အဝန်းကို အတူ တည်ဆောက်ခြင်းသည် ခေတ်ကာလ၏ ဖွံ့ဖြိုးတိုးတက်မှု ရေစီးကြောင်းနှင့် လိုက်လျောညီထွေဖြစ်ပြီး နှစ်နိုင်ငံနှင့် နှစ်နိုင်ငံပြည်သူများ၏ အခြေခံ အကျိုးစီးပွားများနှင့် ကိုက်ညီကာ နှစ်နိုင်ငံဆက်ဆံရေးတွင် ကဏ္ဍသစ်တစ်ခု ဖွင့်လှစ်ခဲ့ကြောင်း၊ နှစ်ဦးနှစ်ဖက်က အခွင့်အလမ်းကောင်းတွေကို ဆုပ်ကိုင်ထားပြီး အပြန်အလှန်အကျိုးရှိစေသော ပူးပေါင်း ဆောင်ရွက်မှုနှင့် မဟာဗျူဟာမြောက် ညှိနှိုင်းဆောင်ရွက်မှုများကို နက်ရှိုင်းစေကာ ပင်လယ် ရပ်ခြား အိမ်နီးချင်းကောင်း၊ အချင်းချင်း ယုံကြည် အားကိုးရသော မိတ်ဆွေကောင်းတွေ ဖြစ်မှုနှင့် အတူ ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း မိတ်ဖက်ကောင်းများအဖြစ် ဆောင်ရွက်သင့်ကြောင်း ပြောကြားခဲ့ပါသည်။
စူလတန် Hassanal က ဘရူနိုင်းနိုင်ငံသည် တရုတ်ပြည်တစ်ပြည်တည်းသာရှိရေးမူကို အခိုင်အမာ လိုက်နာပြီး နှစ်နိုင်ငံပြည်သူများအတွက် ပိုမိုအကျိုးဖြစ်ထွန်းစေရန် တရုတ် နိုင်ငံနှင့် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက်ဆက်ဆံရေးကို ခိုင်မာအောင် လုပ်ဆောင် လိုကြောင်း ပြောကြားခဲ့ပါသည်။
နှစ်ဦးနှစ်ဖက်တို့သည် နှစ်နိုင်ငံကြား မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက် ဆက်ဆံမှု နက်ရှိုင်းစေရေးနှင့် တရုတ်-ဘရူနိုင်း ကံကြမ္မာတူ အသိုက်အဝန်း တည်ဆောက်ရာမှာ တွန်းအားပေးရေးဆိုင်ရာ ပူးတွဲကြေညာချက်ကိုလည်း ထုတ်ပြန်ခဲ့ကြပါသည်။
ဆွေးနွေးပွဲအပြီးတွင် နှစ်နိုင်ငံထိပ်သီးခေါင်းဆောင်များသည် တရားရေး၊ "Belt and Road" အတူ တည်ဆောက်ရေး၊ စီးပွားကုန်သွယ်ရေးနှင့် မီဒီယာစသည့် ကဏ္ဍများတွင် ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ စာတမ်းများ လက်မှတ်ရေးထိုးခြင်းမှာ မျက်မြင်သက်သေအဖြစ် ဆောင်ရွက် ပေးခဲ့ကြပါသည်။