တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် သည် ရုရှားနိုင်ငံသမ္မတ ပူတင် နှင့် ဗီဒီယိုကွန်ဖရင့်ဖြင့် တွေ့ဆုံ
ဇန်နဝါရီလ ၂၁ ရက်နေ့ ညနေပိုင်းတွင် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် ဘေကျင်းမြို့ရှိ ပြည်သူ့ခန်းမဆောင်ကြီးတွင် ရုရှားနိုင်ငံသမ္မတ ပူတင် နှင့် ဗီဒီယိုကွန်ဖရင့် ဖြင့် တွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင် သမ္မတ ရှီကျင့်ဖိန် က နှစ်သစ်တွင် မိမိအနေဖြင့် အဆွေတော် သမ္မတနှင့်အတူ တရုတ်-ရုရှားဆက်ဆံရေး အဆင့်ကဏ္ဍသစ်သို့ ဝင်ရောက်စေပြီး ရေရှည် ဖွံ့ဖြိုးတိုးတက်ရန် ဆက်လက်ဦးဆောင်လိုပါကြောင်း၊ တရုတ်-ရုရှားဆက်ဆံရေး၏ တည်ငြိမ်မှုနှင့် ခိုင်ခံ့မှုတို့ဖြင့် ပြင်ပပတ်ဝန်းကျင်၏ မသေချာမရေရာမှုများနှင့် ရင်ဆိုင်ပြီး နှစ်နိုင်ငံတို့၏ ဖွံ့ဖြိုးတိုးတက်ရေးကို အတူတကွမြှင့်တင်ကာ နိုင်ငံတကာတရားမျှတမှုကို ကာကွယ်ထိန်းသိမ်းမည် ဖြစ်ကြောင်း၊ နှစ်ဦးနှစ်ဘက်တို့သည် မဟာဗျူဟာမြောက် ပူးပေါင်း ဆောင်ရွက်မှုကို ဆက်လက်ဇောက်ချပြုလုပ်ပြီး အပြန်အလှန်ထောက်ခံကာ နှစ်နိုင်ငံ၏ တရားမျှတသော အခွင့်အရေးကို ကာကွယ်ထိန်းသိမ်းကြရမည် ဖြစ်ကြောင်း၊ နှစ်နိုင်ငံဆက်ဆံရေး ကို ခိုင်မာအောင် ချဲ့ထွင်ပြီး လက်တွေ့ကျသည့် ပူးပေါင်းဆောင်ရွက်မှုများလည်း ပိုမိုနက်ရှိုင်းလာစေမည် ဖြစ်ကြောင်း၊ တရုတ်-ရုရှားနှစ်နိုင်ငံတို့သည် Greater BRICS ပူးပေါင်းဆောင်ရွက်ရေး ကို အတူတကွတွန်းအားပေးပြီး ကမ္ဘာ့တောင်ဘက်ခြမ်း နိုင်ငံများမှ စည်းလုံးညီညွတ်ခြင်းနှင့် ကိုယ်ထူကိုယ်ထခြင်း အခန်းကဏ္ဍသစ်ကို ဖွင့်လှစ်ပေးကြရမည် ဖြစ်ကြောင်း အလေးထားပြောကြားခဲ့ပါသည်။
သမ္မတ ပူတင်က ရုရှား-တရုတ်နှစ်နိုင်ငံတို့သည် အပြန်အလှန်ယုံကြည်ပြီး အပြန် အလှန်ထောက်ခံကာ တန်းတူရည်တူဆက်ဆံကြလျက်ရှိကြောင်း၊ နှစ်ဘက်အကြား ပူးပေါင်းဆောင်ရွက်မှု များသည် နှစ်နိုင်ငံပြည်သူများ၏ အကျိုးစီးပွားနှင့် ကိုက်ညီပြီး နိုင်ငံတကာအခြေအနေပြောင်းလဲမှုများကို ဘယ်တုန်းကမှ မခံခဲ့ဖူးကြောင်း၊ ရုရှားနိုင်ငံ အနေဖြင့် ထိုင်ဝမ်သည် တရုတ်ပိုင်နက်နယ်မြေထဲတွင် ခွဲ၍မရသော အစိတ်အပိုင်း ဖြစ်သည်ဟု ခိုင်မာစွာထောက်ခံပြီး မည်သည့်ပုံစံဖြင့်မဆို ထိုင်ဝမ်သီးခြားတည်ရှိရေးကို ပြတ်သားစွာ ဆန့်ကျင်ကြောင်း၊ ရုရှားနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့် ဘက်ပေါင်းစုံအရေးကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ပြီး ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ပါဝင်ရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့ပါသည်။