ရှီကျင့်ဖိန်သည် အမေရိကန် သမ္မတ အဖြစ် ရွေးချယ်ခံရသော ထရန့်နှင့် တယ်လီဖုန်းဖြင့် ဆက်သွယ်
ဇန်နဝါရီလ ၁၇ ရက်နေ့ညက တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ကမ်းလှမ်းချက်အရ အမေရိကန်သမ္မတ အဖြစ် ရွေးချယ်ခံရသော ထရန့်နှင့် တယ်လီဖုန်းဖြင့် ဆက်သွယ်ခဲ့ပါသည်။
အမေရိကန် သမ္မတ အဖြစ် နောက်ထပ်တစ်ကြိမ် ရွေးချယ်တင်မြှောက် ခံရသည့် ထရန့်ကို ရှီကျင့်ဖိန်က ထောမနာ ပြုခဲ့ပါသည်။ ရှီကျင့်ဖိန်က မိမိတို့ နှစ်ဖက်စလုံးသည် အပြန်အလှန် ဆက်သွယ်ရေးကို လွန်စွာ အလေးထားပြီး တရုတ်-အမေရိကန် ဆက်ဆံရေးသည် အမေရိကန်သမ္မတ၏ ရာထူးသက်တမ်းအသစ်တွင် အစကောင်း တစ်ရပ် ရှိနိုင်ရန် မျှော်လင့်ကာ နှစ်နိုင်ငံ ဆက်ဆံရေးကို စမှတ်သစ်တွင် ပိုမို ကြီးမားသော တိုးတက်မှု ရရှိနိုင်ရန် တွန်းအားပေးလိုကြောင်း၊ တရုတ်နှင့် အမေရိကန်အကြား ကျယ်ပြန့်သော ဘုံအကျိုးစီးပွားနှင့် ပူးပေါင်းဆောင်ရွက်ရေး အလားအလာ ရှိပြီး မိတ်ဖက်နှင့် မိတ်ဆွေများ ဖြစ်နိုင်ကြောင်း၊ အပြန်အလှန် အကျိုးပြုပြီး အတူ စည်ပင်သာယာ၍ နှစ်နိုင်ငံအနေနှင့် ကမ္ဘာကြီးအား ချမ်းသာသုခများ ဆောင်ကြဉ်းပေးနိုင်ကြောင်း၊ နိုင်ငံ၏ အခြေအနေ မတူသော နိုင်ငံကြီး နှစ်နိုင်ငံ အဖြစ် တရုတ်နှင့် အမေရိကန်အကြား သဘောကွဲလွဲမှုတချို့ မလွဲမရှောင်သာ ရှိနိုင်ကာ သော့ချက်ကတော့ တစ်ဖက်သား၏ အမြုတေ အကျိုးစီးပွားနှင့် အရေးကြီး အလေးထားချက်များကို လေးစားပြီး ပြဿနာများကို သင့်လျော်စွာ ကိုင်တွယ်ဖြေရှင်းဖို့ နည်းလမ်းတွေကို ရှာကြံရန် ဖြစ်ကြောင်း၊ တရုတ်နှင့် အမေရိကန် စီးပွားကုန်သွယ်မှု ဆက်ဆံရေး၏ အရင်းခံကိစ္စသည် အပြန်အလှန် အကျိုးရှိစေရေး ဖြစ်ပြီး ထိပ်တိုက်ရင်ဆိုင်မှုသည် မိမိတို့၏ ရွေးချယ်ဖွယ်ရာ မဖြစ်သင့်ကြောင်း ပြောကြားခဲ့ပါသည်။
ထရန့်သည် ရှီကျင့်ဖိန်၏ ထောမနာပြုခြင်းကို ကျေးဇူးတင်ရှိကြောင်း ဖော်ပြခဲ့သည်။ ထရန့်က မိမိသည် သမ္မတ ရှီကျင့်ဖိန်နှင့် မွန်မြတ်သော ဆက်ဆံရေးကို တန်ဖိုးထားကြောင်း၊ ဆွေးနွေးခြင်းနှင့် ကူးလူးဖလှယ်ခြင်းကို ဆက်လက် ထိန်းထားနိုင်ရန် မျှော်လင့်ကြောင်း၊ သမ္မတ ရှီကျင့်ဖိန်နှင့် အမြန်ဆုံး တွေ့ဆုံနိုင်ရန် စောင့်မျှော်ကြောင်း၊ အမေရိကန်နှင့် တရုတ်နိုင်ငံသည် လက်ရှိ ကမ္ဘာပေါ်တွင် အရေးအကြီးဆုံးသော နိုင်ငံများ ဖြစ်ပြီး ရေရှည် ချစ်ကြည်ရေးကို ထိန်းသိမ်းသင့်ကာ ကမ္ဘာ့ငြိမ်းချမ်းရေးကို အတူ ထိန်းသိမ်းကာကွယ်သင့်ကြောင်း ပြောကြားခဲ့ပါသည်။