ပြုပြင်ပြောင်းလဲရေး စိတ်ဓာတ်နှင့် တင်းကျပ်သော စံချိန်စံနှုန်းဖြင့် ပါတီ စီမံအုပ်ချုပ်ခြင်းကို စွဲကိုင်ရမည် ဖြစ်ပြီး အဂတိ လိုက်စားမှု တိုက်ဖျက်ရေး တိုက်ပွဲများကို အခက်အခဲများ ကျော်လွှားပြီး ဘက်စုံ ရေရှည် ပြတ်သား ကောင်းမွန်စွာ ပြုလုပ်ရမည်ဟု ရှီကျင့်ဖိန် ဆို
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ တရုတ်နိုင်ငံသမ္မတ၊ ဗဟိုစစ်ရေးကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ဇန်နဝါရီလ ၆ ရက်နေ့ နံနက်ပိုင်းက တရုတ်ကွန်မြူနစ်ပါတီ အကြိမ် (၂၀) မြောက် ဗဟို စည်းကမ်းကြီးကြပ်ရေးကော်မရှင် စတုတ္ထ အကြိမ် မျက်နှာစုံညီ အစည်းအဝေးတွင် အရေးကြီးသည့် မိန့်ခွန်းကို ပြောကြားခဲ့ပါသည်။
ရှီကျင့်ဖိန်က ခေတ်သစ်သို့ ဝင်ရောက်လာပြီးနောက် ပါတီကို တင်းကျပ်စွာ စီမံအုပ်ချုပ်ရေးနှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို မကြုံစဖူး ကြီးမားသော အင်အားဖြင့် ဘက်စုံ တွန်းအားပေး ဆောင်ရွက်ခဲ့ရာ အကျိုးသက်ရောက်မှုများသည် အလွန် ထင်ရှားပါကြောင်း၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းကို အစဉ်တစိုက် စွဲစွဲမြဲမြဲ ဆောင်ရွက်ရမည် ဖြစ်ပြီး ခြေလှမ်း တစ်လှမ်းမှ ရပ်နားခြင်းမရှိဘဲ၊ နောက်ဆုတ်မှု နည်းနည်းမှ မရှိဘဲဖြင့် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး တိုက်ပွဲများကို အခက်အခဲများ ကျော်လွှားပြီး ဘက်စုံ ရေရှည် ပြတ်သား ကောင်းမွန်စွာ ပြုလုပ်ရမည် ဖြစ်ကြောင်း အလေးထား ပြောကြားခဲ့ပါသည်။
ရှီကျင့်ဖိန်က ခေတ်သစ် ခရီးစဉ်သစ်တွင် ပြုပြင်ပြောင်းလဲရေး စိတ်ဓာတ်နှင့် တင်းကျပ်သော စံချိန်စံနှုန်းများဖြင့် ပါတီကို စီမံအုပ်ချုပ်ရမည် ဖြစ်ပြီး ဤသို့ဖြင့် အကြိမ် (၂၀) မြောက် တရုတ်ကွန်မြူနစ်ပါတီ ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များညီလာခံနှင့် အကြိမ် (၂၀) မြောက် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ တတိယအကြိမ် မျက်နှာစုံညီ အစည်းအဝေးမှ အစီအမံများကို ဖော်ဆောင်စေရန်နှင့် ပါတီကို တရုတ်ထူးခြားချက် ဝိသေသ ပါရှိသော ဆိုရှယ်လစ်လုပ်ငန်း၏ အစဉ်တစိုက် ဖြစ်ပြီး ခိုင်မာသော အမြုတေ ဦးဆောင်မှု ဖြစ်စေရန်တို့အတွက် အာမခံချက် ပေးရမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
တရုတ်ကွန်မြူနစ်ပါတီ အကြိမ် (၂၀) မြောက် ဗဟို စည်းကမ်းကြီးကြပ်ရေးကော်မရှင် စတုတ္ထ အကြိမ် မျက်နှာစုံညီ အစည်းအဝေးကို ဇန်နဝါရီလ ၆ ရက်နေ့က ဘေကျင်း၌ ဖွင့်လှစ်ခဲ့သည်ဟု သတင်းရရှိပါသည်။