မြန်မာပညာတော်သင်ကျောင်းသား ပြည့်ဖြိုးအောင် ။ ။ ယူနန်၏အလှကို နက်ရှိုင်းစွာ လက်တွေ့ခံစားခြင်း
“မင်္ဂလာပါ၊ ဒိုင်နိုဆောကမ္ဘာကနေ ကြိုဆိုလိုက်ပါတယ်။” ယူနန်ပြည်နယ် ချူရှုံ ယီတိုင်းရင်းသားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲမှ လုဖုန်းကမ္ဘာ့ဒိုင်နိုဆောလျှိုမြောင်တွင် ပေကျင်းနိုင်ငံခြားဘာသာတက္ကသိုလ်မှ မြန်မာပညာတော်သင်ကျောင်းသား ပြည့်ဖြိုးအောင်က အားမာန်အပြည့်ဖြင့် လူ့အသံကို အတုထည့်ထားသည့် ဒိုင်နိုဆောအရုပ်ဖြင့် စကားပြောနေပါသည်။
လုဖုန်းသည် ဒိုင်နိုဆောကြောင့် ကမ္ဘာတွင် နာမည်ကျော်ကြားခဲ့ပြီး “ကမ္ဘာ့ဒိုင်နိုဆောတို့ မွေးရပ်မြေ”ဟု တင်စားကြပါသည်။ ၁၉၃၈ ခုနှစ်မှ ယနေ့အထိ ဤနေရာတွင် အတော်အသင့် ပြီးပြည့်စုံသော ဒိုင်နိုဆောအရိုးစု ကျောက်ဖြစ်ရုပ်ကြွင်း ၁၂၀ ခုကို တွေ့ရှိပြီးဖြစ်ကာ ပြန့်ကြဲနေသော ဒိုင်နိုဆောကျောက်ဖြစ်ရုပ်ကြွင်းများမှာတော့ မရေတွက်နိုင်အောင် ရှိနေပါသည်။ “ဒါက ကျွန်တော် ပထမဆုံးအကြိမ် ဒိုင်နိုဆောကျောက်ဖြစ်ရုပ်ကြွင်းကို တွေ့ဖူးတာပါ။ သူတို့ကြောင့် ဖြစ်လာတဲ့ တုန်လှုပ်မှုက ကျွန်တော့်ကို လွန်ခဲ့တဲ့ နှစ်သန်းပေါင်းများစွာက ကမ္ဘာကို ပြန်ရောက်သွားသလို ခံစားရစေပါတယ်”ဟု ပြည့်ဖြိုးအောင်က ပြောပါသည်။
ပြည့်ဖြိုးအောင် ပါဝင်ဆင်နွှဲသည်မှာ မကြာမီက ယူနန်ပြည်နယ်တွင် ကျင်းပခဲ့သည့် ပဥ္စမအကြိမ် လန်ချန်း-မဲခေါင် ရုပ်မြင်သံကြားရက်သတ္တပတ်အစီအစဉ်များထဲမှ တစ်ခုဖြစ်သည့် လူငယ်များ ဗီဒီယိုတို ဖန်တီးရိုက်ကူးမှုစခန်း ဖြစ်ပါသည်။ ၎င်းလှုပ်ရှားမှု ကျင်းပသည့်ကာလအတွင်း ပြည့်ဖြိုးအောင်နှင့် လာအို၊ ထိုင်း၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်စသည့် တောင်အာရှ၊ အရှေ့တောင်အာရှနိုင်ငံများမှ လူငယ် ဗီဒီယိုတို ဖန်တီးရိုက်ကူးသူများသည် ယူနန်ပြည်နယ် ကူမင်းမြို့၊ ချုံရှုံပြည်နယ်ခွဲနှင့် ဝင်ရှန်း ကျွမ့်၊ မြောင် တိုင်းရင်းသားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲတို့သို့ သွားရောက်ကာ “ယူနန်လို့ခေါ်တဲ့ ဘ၀နေထိုင်မှုတစ်မျိုးရှိတယ်”ကို လက်တွေ့ခံစားခဲ့ကြပါသည်။
ကမ္ဘာ့ဒိုင်နိုဆောလျှိုမြောင်တွင် နိုင်ငံအသီးသီးမှ လူငယ်များသည် အချိန်လှိုဏ်ခေါင်းကြီးကို ဖြတ်သန်းသွား၍ ရှေးကျသော သမိုင်းဝင်ကဗျာစာအုပ်တစ်အုပ်ကို လှန်လျောလိုက်ရသကဲ့သို့ ခံစားကြရပါသည်။ ၎င်းတို့သည် ဒိုင်နိုဆောအရိုးစုကျောက်ဖြစ်ရုပ်ကြွင်းနှင့် ဓာတ်ပုံတွဲရိုက်လိုစိတ်များ ပြင်းထန်နေကြပြီး ဤရှေးယခင်က တိရစ္ဆာန်ကြီးများ၏ ကြီးမားလှသော ကိုယ်ခန္ဓာကို အံ့ဩဘနန်းဖြစ်နေကြပါသည်။ ရှေးခေတ်အခါက ဒိုင်နိုဆောများ၏ မြေပြင်ကို တုန်လှုပ်သွားစေသော ခြေသံများကို ကြားနေရသကဲ့သို့ ခံစားကြရပါသည်။
“ဒါက ကျွန်တော် ပထမဆုံးအကြိမ် ယူနန်ကို ရောက်လာတာပါ။ ချူရှုံမှာ တစ်မူထူးခြားတဲ့ တိုင်းရင်းသားဓလေ့ထုံးစံတွေကို ကျွန်တော်လက်တွေ့ခံစားခဲ့ရပါတယ်။ ပြီးတော့ ဒိုင်နိုဆောခေတ်ကိုလည်း ‘ပြန်ရောက်သွားခဲ့ပါတယ်။ ဒီလိုမျိုး နက်ရှိုင်းတဲ့ လက်တွေ့ခံစားမှုမျိုးက အလွန်ကောင်းပါတယ်”ဟု မျက်နှာတွင် အပြုံးများ ဝေဆာလျက် ပြည့်ဖြိုးအောင်က ပြောပြပါသည်။
ဝင်ရှန်းပြည်နယ်ခွဲတွင် ပြည့်ဖြိုးအောင်နှင့် သူငယ်ချင်းများသည် နောက်ထပ်ရှုခင်းသာတစ်ခုကို တွေ့ရှိခဲ့ပြီး မတူညီသော တိုင်းရင်းသားယဉ်ကျေးမှုကို လက်တွေ့ခံစားခဲ့ကြရပါသည်။ တရုတ်နိုင်ငံ နိုင်ငံတော်အဆင့် ၅ဗ ရှုခင်းသာ ဖူဂျယ်ဟေးတွင် အင်းအိုင် ၅၄ ခု ဆက်စပ်ပေါက်ရောက်နေကာ တရုတ်ဧက ၄ သောင်းတွင် ပုံစံမျိုးစုံစွာ ပွင့်လန်းနေသော ကြာပွင့်များ၊ ကျွမ့်၊ မြောင်၊ ယီ စသည့် တိုင်းရင်းသားများ၏ ဓလေ့ထုံးစံများသည် အသွေးအရောင်စုံလင်ကာ လှပနေပါသည်။ ရေကန်ထဲတွင် လှေများကို လှော်ခတ်ရင်း ဧကသောင်းချီသော ကြာပန်းများအကြား၌ “ရေစစ်တိုက်ခြင်း”ဖြင့် နိုင်ငံအသီးသီးမှ လူငယ်များသည် အေးမြသော “နွေရာသီ”ကို ခံစားခဲ့ရပါသည်။
“တစ်ကိုယ်လုံးအိုးမည်းသုတ်လို့ ဆုမွန်ကောင်းတွေပြည့်ပါစေ။” ညချမ်းအခါတွင် ပြည့်ဖြိုးအောင်နှင့် သူငယ်ချင်းများသည် မီးပုံပွဲတွင် ဒေသခံ ယီတိုင်းရင်းသားတို့၏ အိုးမည်းသုတ်ဓလေ့ထုံးစံကို လက်တွေ့ခံစားခဲ့ကြပါသည်။ “ကျွန်တော် အသုတ်ခံရတာ တစ်ကိုယ်လုံးကို မည်းနေတာပဲ။ ဆုမွန်ကောင်းတွေ အများကြီး ရသွားတယ်ဆိုတဲ့ သဘောပေါ့။ ကျွန်တော့်ရဲ့ ဒီတစ်ခေါက် ယူနန်ခရီးစဉ်ရဲ့ ကောင်းမွန်လှပတဲ့ အမှတ်တရလည်း ဖြစ်ပါတယ်”ဟု ပြည့်ဖြိုးအောင်က ပြောပြပါသည်။
“ယူနန်က ကောင်းမွန်လှပတဲ့ အမှတ်တရတွေကို မြန်မာနိုင်ငံ မိတ်ဆွေသူငယ်ချင်းတွေကိုလည်း ယူနန်ရဲ့ အလှအပတွေကို ခံစားရဖို့ အင်တာနက်မှာတင်ပြီး မိတ်ဆွေသူငယ်ချင်းတွေကို ဒီထူးခြားအံ့ဖွယ်ကောင်းတဲ့ မြေပေါ်က တိုင်းရင်းသားယဉ်ကျေးမှုတွေကို လက်တွေ့ခံစားဖို့ ဖိတ်ခေါ်သွားမှာပါ”ဟု ပြည့်ဖြိုးအောင်က မျှော်လင့်မှုများ၊ လှိုက်လှဲမှုများ အပြည့်ဖြင့် ပြောသွားခဲ့ပါသည်။