ဈေးပတ်ခြင်းက ဈေးဝယ်ဖို့အတွက်တင်မဟုတ်ပါ

အရင်းအမြစ်:“မင်္ဂလာ”မဂ္ဂဇင်း   |    2024-03-14 10:51:31

“ထင်မထားမိဘူး၊ ကျွန်တော်တို့ကို မနက် ၅ နာရီ အိပ်ယာထစေတာက မနက်ဈေးဖြစ်နေတာပဲ။” ဆိုရှယ်မီဒီယာကိုဖွင့်ရာတွင် အမျိုးမျိုးသော “ဟင်းသီးဟင်းရွက်ဈေးသို့ရောက်ရှိခြင်း”သည် ခေတ်စားသော ရှာဖွေစကားလုံး ဖြစ်လာခဲ့ပါသည်။

လူအများ၏ အတွေးအမြင်ထဲတွင် ဟင်းသီးဟင်းရွက်ဈေး၏ အဓိကဝယ်သူများသည် သက်လတ်ပိုင်းနှင့် သက်ကြီးပိုင်းများဖြစ်ကြသော်လည်း ယခုတစ်လော ဟင်းသီးဟင်းရွက်ဈေးသို့ သက်ငယ်ပိုင်းတစ်သုတ်ထံ ရောက်ရှိလာပါသည်။ မည်သို့သော အကြောင်းအရင်းက ဟင်းသီးဟင်းရွက်ဈေးကို ဤကဲ့သို့ မြှောက်စားမှုကို ရရှိခဲ့သနည်း။

ကော်ဖီဆိုင်၊ အကင်ဆိုင်တို့ ဟင်းသီးဟင်းရွက်ဈေးတွင် “အခြေချ”လာ

တိုက်ရိုက်အကျဆုံးသော အကြောင်းအရင်းမှာ ဟင်းသီးဟင်းရွက်ဈေးသည် ရုပ်သွင်လှပလာခြင်း၊ စိတ်ဝင်စားဖွယ်ကောင်းလာခြင်း၊ ပျော်ရွှင်စရာကောင်းလာခြင်းစသည်တို့ကြောင့် ပိုမို၍ လူငယ်ဆန်လာခြင်းနှင့် သေသပ်လှပလာခြင်းတို့ကြောင့် ဖြစ်ပါသည်။
ချိန်တူးမြို့ ချင့်ယွင်အနောက်လမ်းတစ်လျောက် လျှောက်လှမ်းသွားပါက သစ်ပင်များဖုံးအုပ်နေသော လမ်းငယ်လေးတစ်လမ်း မျက်စိရှေ့တွင် ပေါ်ထွက်လာမည်ဖြစ်သည်။ ဤနေရာတွင် လူများစည်ကားနေသော ကျုံးသောက်လမ်းဟင်းသီးဟင်းရွက်ဈေး ရှိနေပါသည်။ ဤနေရာတွင် လွန်စွာပေါ်လွင်သော ကော်ဖီဆိုင်တစ်ဆိုင် ရှိနေပါသည်။ နေ့စဉ်နေ့တိုင်း လူငယ်အများအပြားကို ဤနေရာသို့ လာရောက် “ဓာတ်ပုံရိုက်သတင်းပို့ရန်” ဆွဲဆောင်နိုင်ခဲ့ပါသည်။ ဤနေရာသည် တစ်ချိန်က ဟင်းသီးဟင်းရွက်ဈေး၏ ကြက်ခြံဖြစ်ခဲ့သည်ကို မည်သူက တွေးတောမိမည်နည်း။

“အမိုးပေါက်”ဟုခေါ်သည့် ဤကော်ဖီဆိုင်သည် ဆိုင်ခန်းအကျယ် ၂၀ စတုရန်းမီတာခန့်သာ ရှိပြီး ကော်ဖီလာရောက်သောက်သုံးကြသူများသည် တံခါးဝနှင့် လမ်းမကြီးမျက်နှာချင်းဆိုင်မှ အပြင်ခုံတန်းတွင် ထိုင်ကြရပါသည်။ “ကျွန်မက ဟူနန်ပြည်နယ် ချန်ရှားမြို့ကလာတဲ့ ခရီးသွားပါ။ အင်တာနက်ပေါ်မှာ ဒီကော်ဖီဆိုင်ကိုတွေ့လို့ အတော်လေးထူးခြားတယ်လို့ခံစားရလို့ ဟင်းသီးဟင်းရွက်ဈေးမှာ ကော်ဖီသောက်ရတာ ဘယ်လိုခံစားချက်မျိုးလဲဆိုတာ လာခံစားကြည့်တာပါ”ဟု ခရီးသွားရန်လဲ့ရှီးက ပြောလေသည်။

ချိန်တူးမြို့ အမှတ် ၂ ဆေးရုံ မြေအောက်ရထားဘူတာ B ဂိတ်ပေါက်မှ ထွက်လာလျှင် မဝေးလှသည့်နေရာတွင် အသွေးအရောင်စုံလင်လှသည့် သစ်သီးဆိုင်တစ်ဆိုင်ကို တွေ့ရပါလိမ့်မည်။ မျိုးစုံလှသော သစ်သီးများအပြင် ကန်စွန်းဥဖုတ်၊ သစ်အယ်သီးအချိုလှော်စသည်တို့လည်း ရှိပါသည်။ သစ်သီးဆိုင်၏ အနောက်ဘက်သည် အသီးအရွက်ဈေးမှ တုတ်ထိုးဆိုင်တစ်ဆိုင်ဖြစ်ပါသည်။ ညစာစားချိန်နီးလာသည်နှင့် စားသုံးသူအများအပြားသည် သစ်သီးဆိုင်အပြင်တွင်ထိုင်ကာ တန်းစီစောင့်ဆိုင်းကြပါသည်။ “ကျွန်တော်တို့ ဒီနေရာက အကြီးစားလယ်ယာထွက်ကုန်ပစ္စည်းဈေးကြီးတစ်ခုပါ။ ဆိုင်ထဲမှာ စားသုံးသူတွေ စားသောက်နေတဲ့ မြင်ကွင်းအပြင် ကြီးမားတဲ့နေရာကွက်လပ်ကြီးကို ရှေးဓာတ်ပုံတွေနဲ့ ဓာတ်ပုံရိုက်သတင်းပို့နေရာဖြစ်လာစေဖို့ တည်ဆောက်ထားပါတယ်”ဟု ထိုတုတ်ထိုးဆိုင်သူဌေးဖြစ်သူ ဟူရှောင်ဟွေးမှ ပြောပါသည်။

မြို့ပြအသွင်သဏ္ဍာန် ပြုပြင်တည်ဆောက်ရာတွင် အချို့သော သမရိုးကျဟင်းသီးဟင်းရွက်ဈေးများသည် ပစ္စည်းပစ္စယအဆင့်မြှင့်တင်ခြင်းဖြင့် စမတ်တည်ဆောက်ရေးဆောင်ရွက်ခဲ့ပြီး ရှင်းလင်းပြတ်သား အကြောင်းသင့်သော ဇုန်ခွဲစီမံခန့်ခွဲမှုကို အသုံးပြုလာခဲ့ပါသည်။ အနုပညာခံစားချက်ရှိသော၊ ဖန်တီးတီထွင်မှုရှိသော၊ ဒေသထူးခြားဝိသေသရှိသော ဒီဇိုင်းပြင်ဆင်မှုများပြုလုပ်၍ ယခင်က ငါးညှီနံ့များ နံစော်နေခြင်း၊ ကြမ်းပြင်စိုစွတ်နေခြင်း၊ အလင်းရောင်မှေးမှိန်ခြင်းစသည့် “ညစ်ပတ်၊ ရှုပ်ထွေး၊ ဆိုးရွား”ဆိုသည့် ပုံရိပ်ကို ပြောင်းလဲခဲ့ပြီး လင်းထိန်သန့်ရှင်းသော၊ အမြင်ကို သစ်ဆန်းစေသော အသွင်ဆန်းသည့် ဈေးဝယ်နေရာအဖြစ် တစ်မုဟုတ်ချင်း ပြောင်းလဲလာပါသည်။

လူငယ်တွေက ဟင်းသီးဟင်းရွက်ဈေးမှာ ဘာတွေလည်ပတ်ကြသလဲ

ယူနန်ပြည်နယ် ကူမင်းမြို့မှ တာ့ကွမ်း ဇွမ့်ရှင်းလယ်ယာထွက်ကုန်ပစ္စည်းဈေး၏ ထူးခြားသော တောရိုင်းဟင်းရွက်များ၊ အမျိုးမျိုးသော တောရိုင်းမှိုများဖြစ်စေ၊ ရှန်းတုန်းပြည်နယ် ချင်းတောင်မြို့ ထွမ်တောင်လယ်ယာထွက်ကုန်ပစ္စည်းဈေးမှ ယခုလုပ်ယခုစားသည့် လက်လီရောင်း ပင်လယ်စာဖြစ်စေ သို့တည်းမဟုတ် ကျန်းစူးပြည်နယ် စူးကျိုးမြို့ စွမ်းထာမြို့ဈေး၏ ကျန်းကျဲ့အထူးအစားအစာများ၊ ပေကျင်းစန်းယွမ်လီ၊ ရှန်ဟိုင်းမြို့ ဝူးကျုံးမြို့ဈေးတို့၏ ဟင်းသီးဟင်းရွက်ဈေး အနုပညာပြခန်းများဖြစ်စေ အားလုံးသည် လူငယ်အများအပြားအား ဆွဲဆောင်နိုင်ခဲ့ပါသည်။ ၎င်းတို့သည် အမျိုးမျိုးသော လတ်ဆတ်သည့် သစ်သီးဝလံအသီးအနှံများနှင့် အစားအသောက်များကို အလုအယက် ဝယ်ယူနေကြပြီး ထူးခြားသရေစာစသည့် ဒေသထွက်အစားအစာများကို မြည်းစမ်းကြည့်၍ ဗီဒီယိုရိုက်ခြင်း၊ လှည့်ပတ်သွားလာစဉ် စားသောက်နိုင်သည့် နည်းလမ်းများကို မျှဝေနေကြလေသည်။ “မီတာ ၈၀၀ လောက်ပဲရှိတာ၊ အစကနေ အဆုံးထိ စားသွားလို့ရတယ်။” ရသာရုံနှင့် အားလပ်ချိန်ကို လွတ်လပ်စွာ ခံစားကြည့်ရခြင်းသည် ပျော်ရွှင်စရာအတိဖြစ်ပါသည်။

လူငယ်များသည် ဟင်းသီးဟင်းရွက်ဈေးပတ်ရာတွင် တွက်ခြေကိုက်ခြင်းက အဓိကဖြစ်ပါသည်။ ဟင်းသီးဟင်းရွက်ဈေးပတ်ရသည်ကို နှစ်သက်ကြသည့်မိတ်ဆွေများမှ “၂၅ ယွမ်နဲ့ ဝယ်ရတဲ့ ပါဆယ်က မဝဘူးဆိုပေမယ့် နန်ကျင်းခဲရှန့်ဟင်းသီးဟင်းရွက်ဈေးမှာ အကုန်လျှောက်စားလို့ရတယ်”ဟု ပြောကြသကဲ့သို့ ဖြစ်ပါသည်။ ဟင်းသီးဟင်းရွက်ဈေးပတ်လည်တွင် အစားအသောက်များစွာ ရှိနေတတ်ပြီး ဈေးမှာပို၍သင့်တော်၊ ကုန်ကြမ်းလည်း လွန်စွာ ကောင်းမွန်ပါသည်။ သေသပ်လှပသော ထုပ်ပိုးမှုမရှိပေမယ့် တွက်ခြေကိုက်မှုမှာ အင်မတန်မြင့်မားပါသည်။

ထို့အပြင် ဟင်းသီးဟင်းရွက်ဈေးသည် လူငယ်များကို ဆွဲဆောင်နိုင်ခြင်းမှာ တစ်လူလူတက်နေသော မီးခိုးငွေ့များနှင့် ယနေ့ခေတ်လူငယ်များ၏ ရင်တွင်းလိုအပ်ချက်တို့ ကိုက်ညီသောကြောင့်ဖြစ်ပါသည်။ ဒေသအသီးသီးမှ ဒေသစကားနှင့် အော်ဟစ်ရောင်းချနေသံများ၊ တွေ့ရခဲသော ဒေသအထူးထွက်ကုန်များ၊ အသွေးအရောင်စုံလင်လှသော ဟင်းသီးဟင်းရွက်သစ်သီးဝလံများ၊ အငွေ့တထောင်းထောင်းထနေသည့် သရေစာမျိုးစုံတို့သည် လွတ်လပ်မှု၊ ရိုးသားမှု၊ ဖြောင့််မတ်မှုဆိုသည့် လူ့လောကသဘာဝကို လက်ဆင့်ကမ်းနေသည့်ပမာ လူတို့နှင့် ဇာတိမြေတို့၏ သံယောဇဉ်များ ဆက်နွယ်နေမှုများ ပါဝင်နေပါသည်။ ဤသည်မှာ လူငယ်များ၏ မြို့တစ်မြို့၊ နေရာတစ်ခု၏ မူလအငွေ့အသက်ပါရှိသည့် မြို့ပြယဉ်ကျေးမှုသွေးကြော၊ ဓလေ့ထုံးစံများအပေါ် ရှာဖွေစူးစမ်းလိုစိတ်များကို အကောင်းဆုံးဖြည့်စွမ်းပေးနိုင်ပါသည်။

ဈေးပတ်ခြင်းက ဈေးဝယ်ဖို့အတွက်တင်မဟုတ်ပါ