မြန်မာနိုင်ငံ၌ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုက ဆင်းရဲနွမ်းပါးမှုလျှော့ချရေးဆိုင်ရာ စံပြကျေးရွာ စီမံကိန်း စတင်
မြန်မာနိုင်ငံ ဧရာဝတီတိုင်းဒေသကြီးအတွင်း လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု(LMC)က ဆင်းရဲနွမ်းပါးမှု လျှော့ချရေးအတွက် စံပြကျေးရွာစီမံကိန်းတစ်ခုအား စတင်ခဲ့ကြောင်း နိုင်ငံပိုင် နေ့စဉ်သတင်းစာ ကြေးမုံက အောက်တိုဘာ ၁၃ ရက်တွင် ဖော်ပြခဲ့သည်။ယင်းစီမံကိန်းအား ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့နယ် အုန်းပင်စုကျေးရွာ၌ တရားဝင်စတင်ခဲ့ကြောင်း သတင်းဖော်ပြခဲ့သည်။စီမံကိန်း မိတ်ဆက်ပွဲအခမ်းအနား၌ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက အစိုးရအနေဖြင့် မြို့ပြနှင့် ကျေးလက်ဒေသများအကြား ဖွံ့ဖြိုးတိုးတက်မှု ကွာဟချက်ကျဉ်းမြောင်း စေရေး၊ ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အထူးအလေးထား စီမံဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အထောက်အပံ့ဖြင့်ဆောင်ရွက်ခဲ့သည့် ကျေးရွာအဆင့် ဆင်းရဲမှုလျှော့ချရေး စံပြစီမံကိန်း၊ ဘက်စုံကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း၊ ဆိုလာအသေးစား ဓာတ်အားပေးစနစ်နှင့် ရေပေးရေးလုပ်ငန်း စီမံကိန်းများ၏ အတွေ့အကြုံများ၊ အကျိုးရလဒ်များကိုအခြေခံပြီး ယခုစီမံကိန်းကို အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။
လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု(LMC)တွင် တရုတ်၊ မြန်မာ၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်နိုင်ငံတို့ ပါဝင်သည်။ မြန်မာနိုင်ငံရှိ ယင်းစီမံကိန်းအား ၂၀၂၄ ခုနှစ် LMC အထူးရန်ပုံငွေဖြင့် ပံ့ပိုးပေးထားခြင်း ဖြစ်သည်။
လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု(LMC) နိုင်ငံများတွင် အသေးစားနှင့် အလတ်စား ပူးပေါင်းဆောင်ရွက်မှု စီမံကိန်းများ ပံ့ပိုးကူညီရန် တရုတ်နိုင်ငံက ၂၀၁၆ ခုနှစ်တွင် LMC အထူးရန်ပုံငွေအား ထူထောင်ခဲ့ကြောင်း သိရသည်။ (Xinhua)