တရုတ်နိုင်ငံ၏ ပထမဆုံး စက်ရုပ်ကော်ဖီဆိုင်ကို တောင်အာရှကုန်စည်ပြပွဲတွင် ပွဲဦးထွက်ပြသခဲ့ရာ ယွမ် ၁၀ သန်းကျော်ရှိ အမှာစာများရရှိခဲ့
COFE+5TH ဉာဏ်ရည်ပြည့်ဝသော စက်ရုပ်ကော်ဖီဆိုင်သည် ယခုအကြိမ် တောင်အာရှကုန်စည်ပြပွဲတွင် လွန်စွာနာမည်ကျော်ခဲ့ပြီး ငွေပမာဏ ယွမ် ၁၀ သန်းကျော်သော အမှာစာများရရှိခဲ့ကာ ဒူဘိုင်း၊ ထိုင်းနှင့် ယူနန်ပြည်နယ်ရှိ ကုမ္ပဏီအများအပြား၏ ကြိုက်နှစ်သက်မှုကို ရရှိခဲ့ပါသည်။ ရှန်ဟိုင်းမြို့ရှိ HAITUN စက်ရုပ်နည်းပညာကုမ္ပဏီလီမိတက် တည်ထောင်သူ HANFEIZI က “ယူနန်ရဲ့ စက်ရုပ်ကော်ဖီဆိုင်တွေကို လေဆိပ်၊ အမြန်ရထားဘူတာရုံနဲ့ ရှုခင်းသာနေရာတွေမှာ တပ်ဆင်ထားရှိပြီး ကမ္ဘာအရပ်ရပ်က လာကြတဲ့ ခရီးသွားတွေအတွက် ၂၄ နာရီပတ်လုံး ဆိုင်မပိတ်တဲ့ ဝန်ဆောင်မှုကောင်းတွေ ပေးသွားနိုင်ဖို့ ကျွန်တော်တို့ အရမ်းမျှော်လင့်ထားပါတယ်”ဟု သတင်းထောက်အား ပြောကြားခဲ့ပါသည်။ဤသေးငယ်သပ်ရပ်သော ကော်ဖီစက်ရုပ်သည် ၂.၃၅ စတုရန်းမီတာသာ နေရာယူသော်လည်း များပြားသော ကော်ဖီစေ့ရွေးချယ်မှုကို ပေးစွမ်းနိုင်ပြီး စိတ်ကြိုက်အရသာကို ဖျော်စပ်နိုင်မည်ဖြစ်သည်။ ကော်ဖီစေ့ ကြိတ်ချေရုံသာမက အနောက်တိုင်းစတိုင် နို့လက်ဖက်ရည်၊ ဂျပန်မတ်ချာ၊ ချောကလက်ဖျော်ရည်များနှင့် နို့အချိုရည်များကို ဖျော်စပ်နိုင်ပြီး အရသာပေါင်း ၅၀ကျော် ပြုလုပ်နိုင်ပါသည်။ ပျှမ်းမျှအားဖြင့် စက္ကန့် ၅၀ လျှင် တစ်ခွက်ဖျော်စပ်နိုင်ပါသည်။
COFE+5TH ဉာဏ်ရည်ပြည့်ဝသော စက်ရုပ်ကော်ဖီဆိုင်ကို နိုင်ငံနှင့် ဒေသပေါင်း ၃၀ ကျော်သို့ တင်ပို့ထားပြီးဖြစ်ကြောင်း သိရသည်။
ဆောင်းပါးအရင်းအမြစ် ။ ။ ယူနန်နေ့စဥ်သတင်းစာ
မြန်မာစာတည်းဖြတ်သူ ။ ။ ဘဦး (မြန်မာနိုင်ငံသား)