နွေဦးကာလ၏ လတ်ဆတ်သော ဟင်းသီးဟင်းရွက်များ ။ ။ ပိတ်စွယ်

အရင်းအမြစ်:"မင်္ဂလာ"မဂ္ဂဇင်း   |    2024-04-11 18:41:44

နွေဦးရာသီတွင် လတ်ဆတ်သော ဟင်းသီးဟင်းရွက်များအကြောင်း ပြောရမည်ဆိုလျှင် ပိတ်စွယ်ကို အရင်ဦးဆုံး ညွှန်းရမည်သာ ဖြစ်သည်။ ပိတ်စွယ်သည် ရေစပ်ပေါက်အပင်တစ်မျိုးဖြစ်ပြီး ရှင်သန်ကြီးထွားပုံမှာ အလွန်ထူးခြား၏။ ရေနှင့်ကင်းကွာသည်နှင့် အစိမ်းရောင်ပြောင်း၍ ရင့်သွားပြီး စား၍မရတော့ဘဲ ဖြစ်သွားတတ်လေသည်။ ပုံပန်းသဏ္ဌာန်မှာ အသေးချုံ့ထားသော ဆင်စွယ်နှင့်လည်း တူသဖြင့် ၎င်းကို တရုတ်လို “ဆင်စွယ်ပင်”ဟုလည်း ခေါ်ဆိုကြသည်။ ပိတ်စွယ်သည် ယူနန်ပြည်နယ် ဟုန်ဟော် ဟားနီနှင့် ယီတိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ ကျန့်ရွှေခရိုင်တွင်သာ ရရှိသည့် ဟင်းသီးဟင်းရွက် ဖြစ်၏။ ဟုန်ဟော်က တံတားကူးမြီးရှည်တွင် ပိတ်စွယ်လည်း ပါဝင်သည်ကို တွေ့ရမည်ဖြစ်သည်။

ပိတ်စွယ်သည် အရသာ ချိုမြိန်နူးညံ့ခြင်းအားဖြင့် လူသိများလေသည်။ တစ်နှစ်ပတ်လုံး ရှင်သန်ကြီးထွားနိုင်၍ နွေဦးအချိန်အခါတွင်တော့ ပိတ်စွယ်အစို့အညှောက်ချွန်ချွန်ကလေးမှာ အနုတကာ့အနုဆုံး ဖြစ်သည်။ ၎င်းကိုယ်၌ကပင် လတ်ဆတ်၍ အရသာရှိနေပြီးသား ဖြစ်သောကြောင့် အရည်သောက်ချက်သည်ဖြစ်စေ၊ ကြော်၍စားသည်ဖြစ်စေ၊ အလွန်ခံတွင်းတွေ့မည်သာ ဖြစ်လေသည်။ ဥပမာအားဖြင့် နွေဦး၏ ရာသီစာတစ်မျိုးဖြစ်သော ပိတ်စွယ်ကြက်သားမျှင်ကြော်ကို ကြော်ချက်ရာတွင် ဟင်းခတ်အများအပြား ထည့်စရာမလိုဘဲ ချင်းဖတ်အနည်းငယ် ထည့်ရုံမျှဖြင့် ကြော်ချက်နိုင်လေသည်။ ပိတ်စွယ်ကို တစ်ကိုက်ကိုက်ကြည့်လိုက်လျှင် အရည်ရွှမ်းပြီး နူးညံ့လွန်း၍ ချိုမြိန်လတ်ဆတ်သော အရသာ ရှိလေသည်။ ထို့နောက်တွင် ကြက်သားမျှင်ကို တစ်ကိုက်ကိုက်ကြည့်ပြန်သည့်အခါတွင် မူလကပင် အလွန်နူးညံ့နေသော ကြက်သားမျှင်မှာ ပိတ်စွယ်အရသာနှင့် ယှဉ်လိုက်သောအခါ မယှဉ်သာတော့သဖြင့် ထိုဟင်းပွဲတွင် ပိတ်စွယ်ကသာ ဇာတ်လိုက်ဖြစ်လာပြီး ကြက်သားမျှင်မှာ ဇာတ်ရံလုံးလုံး ဖြစ်လာရတော့သည်။

နွေဦးကာလ၏ လတ်ဆတ်သော ဟင်းသီးဟင်းရွက်များ ။ ။ ပိတ်စွယ်