“တစ်ကမ္ဘာလုံး တစ်လှေတည်းစီး၊ တစ်ခရီးတည်းသွားကာ အခက်အခဲများအား လက်တွဲအတူ ကျော်လွှားကြရန်” သမ္မတ ရှီကျင့်ဖိန် ထပ်မံပြောကြား
“တစ်ကမ္ဘာလုံး တစ်လှေတည်းစီး၊ တစ်ခရီးတည်းသွားကာ အခက်အခဲများအား လက်တွဲအတူ ကျော်လွှားကြမည့်” စိတ်ဓာတ်ဖြင့် လူသားမျိုးနွယ် အေးအတူ ပူအမျှအသိုက်အဝန်းတည်ဆောက်ရေး တွန်းအားပေးသည့် ကျယ်ပြန့်သော ဘုံသဘောထားကို စုစည်းကြရန် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် တရုတ်နိုင်ငံ နိုင်ငံတကာချစ်ကြည်ရေး ညီလာခံနှင့် တရုတ်ပြည်သူများ ပြည်ပချစ်ကြည်ရေးအသင်း တည်ထောင်သည့် နှစ် ၇၀ ပြည့် နှစ်ပတ်လည်အခမ်းအနားသို့ တက်ရောက်သော ပြည်ပဧည့်သည်တော်များနှင့် အောက်တိုဘာ ၁၁ ရက် နံနက်ပိုင်းက အဖွဲ့လိုက်တွေ့ဆုံစဉ် ပြောကြားခဲ့သည်။
ယခုနှစ်တွင် သမ္မတ ရှီကျင့်ဖိန်သည် “တစ်ကမ္ဘာလုံး တစ်လှေတည်းစီး၊ တစ်ခရီးတည်းသွားကာ အခက်အခဲများအား လက်တွဲအတူ ကျော်လွှားကြရန်” အကြိမ်ပေါင်းများစွာ ပြောကြားခဲ့သည်။ဧပြီ ၂၆ ရက်၊ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်နှင့် တွေ့ဆုံစဉ် လူသားမျိုးနွယ်တို့ ဤမျှ များပြားလှသော ဘုံစိန်ခေါ်မှုများ ရင်ဆိုင်နေရသည်ကို ပြောကြားမိရာတွင် သမ္မတ ရှီကျင့်ဖိန်က “တရုတ်ရှေးလူများက “တစ်လှေတည်းစီး၊ တစ်ခရီးတည်း သွားကြရသည်”ဟူသော အဆိုရှိရာ၊ ယခုအခါ “တစ်ကမ္ဘာလုံး တစ်လှေတည်းစီး၊ တစ်ခရီးတည်းသွားကာ အခက်အခဲများအား လက်တွဲအတူ ကျော်လွှားကြရမည်” လိုအပ်သည်ဟု မိမိအနေဖြင့် ထင်မြင်ကြောင်း” ပြောကြားခဲ့သည်။
ဇွန် ၂၈ ရက်၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး ၅ ရပ် ထုတ်ပြန်ခြင်း နှစ် ၇၀ ပြည့် အထိမ်းအမှတ် ညီလာခံ တက်ရောက်သည့်အခါတွင် သမ္မတ ရှီကျင့်ဖိန်က “မိမိတို့သည် တစ်ကမ္ဘာလုံး တစ်လှေတည်းစီး၊ တစ်ခရီးတည်းသွားကြမည်” ဟူသော စိတ်ဓာတ်ဖြင့် ကမ္ဘာမြေကြီးအား တန်ဖိုးထား၊ ထိန်းသိမ်းကာကွယ်ရမည်ဖြစ်ပြီး နောင်လာနောက်သားများအတွက် ရှင်သန်နေထိုင်ရာ ပျော်စရာကမ္ဘာမြေအဖြစ် ချန်ရစ်ထားရမည်” ဖြစ်ကြောင်း အလေးထားပြောကြားခဲ့သည်။
ယခုအကြိမ် နိုင်ငံတကာ မိတ်ဆွေများနှင့် တွေ့ဆုံသည့်အခါတွင် သမ္မတ ရှီကျင့်ဖိန်က “တစ်ကမ္ဘာလုံး တစ်လှေတည်းစီး၊ တစ်ခရီးတည်းသွားကာ အခက်အခဲများအား လက်တွဲအတူ ကျော်လွှားကြရန်” ထပ်မံပြောကြားခဲ့သလို “မိမိတို့ အတူတကွနေထိုင်ရာ ကမ္ဘာမြေအား ငြိမ်းချမ်းမှု၊ သင့်မြတ်မှု၊ သဟဇာတဖြစ်မှုရှိသော မိသားစုကြီးအဖြစ် တည်ဆောက်ကြရန်” အလေးထားပြောကြားခဲ့သည်။
ယနေ့ခေတ် ကမ္ဘာသည် အပြန်အလှန်နှီးနွှယ်ဆက်စပ်မှုရှိကြသည့် ကမ္ဘာ့ကျေးရွာကြီး ဖြစ်သည်။ ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကို ရင်ဆိုင်ရာတွင် မည်သည့်နိုင်ငံကမျှ တစ်နိုင်ငံတည်း တစ်ကိုယ်တည်း ပြဿနာများကို ဖြေရှင်း၍မရသလို မည်သူ တစ်သီးပုဂ္ဂလကမျှ တစ်ဦးတည်း ပြည့်စုံကောင်းမွန်နေ၍မရပေ။ “တစ်ကမ္ဘာလုံး တစ်လှေတည်းစီး၊ တစ်ခရီးတည်းသွား” မှသာ စုပေါင်းအင်အားဖြင့် ရင်ဆိုင်နိုင်မည် ဖြစ်သည်။
တစ်ကမ္ဘာလုံး တစ်လှေတည်းစီး၊ တစ်ခရီးတည်းသွားကာ အခက်အခဲများကို မည်သို့ အတူလက်တွဲ ကျော်လွှားကြမည်နည်း။ မိုးဒဏ်လေဒဏ်ကို အတူဖြတ်သန်းခြင်း၊ အကောင်း၊ အဆိုး အတူမျှဝေခံစားခြင်း၊ လူသားမျိုးနွယ် အေးအတူ ပူအမျှ အသိုက်အဝန်း တည်ဆောက်ခြင်းမှာ တရုတ်နိုင်ငံက ပေးသည့် အဖြေဖြစ်ပေသည်။
လူသားမျိုးနွယ် အေးအတူ ပူအမျှ အသိုက်အဝန်း တည်ဆောက်ရန် နိုင်ငံနှင့် နိုင်ငံအကြား ရိုးသားပွင့်လင်းစွာ တွေ့ဆုံဆွေးနွေးမှု၊ အတူတကွ လှုပ်ရှားမှု လိုအပ်သလို ပြည်သူနှင့် ပြည်သူအကြား ချစ်ကြည်ရင်းနှီးစွာဖလှယ်မှု စုပေါင်းအင်အားဖြစ်တည်မှုလည်း လိုအပ်သည်။ အဖွဲ့လိုက်တွေ့ဆုံမှုတွင် သမ္မတ ရှီကျင့်ဖိန် ထောက်ပြပြောကြားခဲ့သလိုပင် “ပြည်သူ့ချစ်ကြည်ရေးသည် နိုင်ငံတကာဆက်ဆံရေး ရေရှည်တည်ငြိမ်စွာ လျှောက်လှမ်းမည့် အခြေခံဖြစ်ပြီး ကမ္ဘာ့ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်သည့် အဆုံးမရှိ တွန်းအား” ဖြစ်တော့သည်။
ပြည်သူသည် သမိုင်း၏ဖန်းတီးသူ၊ စစ်မှန်သည့် သူရဲကောင်း ဖြစ်သည်။ ယခုနှစ်သည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ တည်ထောင်သည့် ၇၅ နှစ်ပြည့်အခါသမယ ဖြစ်ပါသည်။ အတိတ်ကို ပြန်ကြည့်မည်ဆိုလျှင် တရုတ်နိုင်ငံရရှိခဲ့သည့် အောင်မြင်မှုတိုင်းသည် တရုတ်ပြည်သူများ၏ စည်းလုံးညီညွတ်စွာ ကြိုးပမ်းအားထုတ်မှု၏ ရလဒ် ဖြစ်သလို ကမ္ဘာ့နိုင်ငံအသီးသီး ပြည်သူများ၏ ထောက်ခံအားပေးမှုနှင့်လည်း ကင်းကွာ၍မရချေ။ တရုတ်နိုင်ငံအနေဖြင့်လည်း မိမိဖွံ့ဖြိုးတိုးတက်သည့် အောင်မြင်မှုဖြင့် ကမ္ဘာအတွက် ကျယ်ပြန့်သည့် အခွင့်အလမ်းများကို ဖန်တီးပေးသလို နိုင်ငံအသီးသီးရှိ ပြည်သူများကို အကျိုးပြုပေသည်။
“တရုတ်လူမျိုးများသည် ပွင့်လင်း၍သဘောထားကြီးသည့် လူမျိုးများဖြစ်သလို တရုတ်ပြည်သူများသည်လည်း စိတ်စေတနာကောင်း၍ ဖော်ရွေကြသည့် ပြည်သူများ ဖြစ်သည်” ၊ “တရုတ်ကွန်မြူနစ်ပါတီသည် ပြည်သူများကို ဝန်ဆောင်မှုပေးသည့် ပါတီဖြစ်သလို တရုတ်အစိုးရသည် ပြည်သူ၏အစိုးရဖြစ်ပြီး တရုတ်သံတမန်ဆက်ဆံရေးသည် ပြည်သူ၏ သံတမန်ဆက်ဆံရေး ဖြစ်သည်”၊ “လူသားမျိုးနွယ် အေးအတူ ပူအမျှ အသိုက်အဝန်း တည်ဆောက်ရေးသည် ကမ္ဘာ့နိုင်ငံအသီးသီးပြည်သူများ၏ အနာဂတ်ဖြစ်သည်”…ပြည်သူ့ချစ်ကြည်ရေး၏ အရေးကြီးမှုအနက်အဓိပ္ပာယ်ကို ထင်ရှားစေသည့် ဤတွေ့ဆုံမှုတွင် သမ္မတ ရှီကျင့်ဖိန်က ပြည်သူများအား အကြိမ်ပေါင်းများစွာ ဂုဏ်ပြုအမွှမ်းတင်ချီးကျူးခဲ့ရာ နိုင်ငံကြီးတစ်နိုင်ငံ ခေါင်းဆောင်တစ်ဦး၏ ခိုင်မာသည့် ပြည်သူ့ရပ်တည်ချက်၊ ပြည်သူ့အပေါ်ထားရှိသော နက်ရှိုင်းသည့် ခံစားချက်ကို ပြသခဲ့သည်။
ကြီးမြတ်သော လုပ်ငန်းတစ်ခု အောင်မြင်ရေး ဖော်ဆောင်ရာ၌ ပြည်သူတွင် အခြေခံအုတ်မြစ်ရှာရမည် ဖြစ်ပြီး ပြည်သူ့အင်အားကို စုစည်းရမည်ဖြစ်သလို ပြည်သူများနှင့်အတူ ပြီးမြောက်အောင် ဖော်ဆောင်ရမည် ဖြစ်သည်။ လူသားမျိုးနွယ် အေးအတူ ပူအမျှ အသိုက်အဝန်း တည်ဆောက်ခြင်းမှာ ဤသို့ ကြီးမြတ်သော လုပ်ငန်း ဖြစ်ပေသည်။ အရှိန်အဟုန်ဖြင့် ဆင့်ကဲ ပြောင်းလဲလာသော ကမ္ဘာကြီး၊ ရာစုနှစ်အပြောင်းအလဲကြီးများကို ရင်ဆိုင်ရာမှာ ဘက်ပေါင်းစုံအနေဖြင့် တစ်ကမ္ဘာလုံး တစ်လှေတည်းစီး၊ တစ်ခရီးတည်းသွားကာ အခက်အခဲများအား လက်တွဲအတူ ကျော်လွှားကြမည့်စိတ်ဓာတ်ကို မှန်ကန်စွာ လက်ကိုင်ထားမှသာ လူသားမျိုးနွယ်တို့အနေဖြင့် ပိုမိုသာယာလှပသော ကမ္ဘာ့မိသားစုဥယျာဉ်ကို အတူတကွ ပိုင်ဆိုင်နိုင်မည် ဖြစ်ပေတော့သည်။ (Xinhua)