၃နိုင်ငံနှင့် ၃နိုင်ငံ ပြည်သူများအား အကျိုးရရှိစေနိုင်သော မဟာဗျူဟာမြောက် လမ်းကြောင်း ဖြစ်သည့် တရုတ်-ကာဂျစ်စတန်-ဥဇဘက်ကစ္စတန် ရထားလမ်း ဆောလျင်စွာ ဖောက်လုပ် ပြီးစီးရန် မျှော်လင့်ကြောင်း ရှီကျင့်ဖိန်ဆို
ယခုလ ၆ ရက်နေ့တွင် တရုတ်-ကာဂျစ်စတန်-ဥဇဘက်ကစ္စတန် ရထားလမ်း ဖောက်လုပ်ရေးအစီအစဉ်ဆိုင်ရာ ၃ နိုင်ငံ အစိုးရချင်း သဘောတူ စာချုပ် လက်မှတ်ရေးထိုး ချုပ်ဆိုပွဲအခမ်းအနားကို ဘေကျင်းတွင် ကျင်းပခဲ့ရာ တရုတ် နိုင်ငံတော် သမ္မတ ရှီကျင့်ဖိန်၊ ကာဂျစ်စတန်နိုင်ငံ သမ္မတ Japarovနှင့် ဥဇဘက်ကစ္စတန်နိုင်ငံသမ္မတ Mirziyoyevတို့သည် ဗီဒီယိုဖြင့် ဂုဏ်ပြုကြောင်း ဖော်ပြခဲ့ပါသည်။
ရှီကျင့်ဖိန်က တရုတ်-ကာဂျစ်စတန်-ဥဇဘက်ကစ္စတန် ရထားလမ်းသည် တရုတ်နှင့် အလယ်အာရှ အကြား အပြန်အလှန် ချိတ်ဆက်မှု ဆိုင်ရာ မဟာဗျူဟာမြောက် အစီအစဉ် ဖြစ်ပြီး ၃နိုင်ငံတို့ Belt and Road အတူတည်ဆောက်ရေး ပူးပေါင်းဆောင်ရွက်မှု၏ အထင်ကရ လုပ်ငန်းစဉ်လည်း ဖြစ်ကြောင်း၊ တရုတ် နိုင်ငံသည် ကာဂျစ်စတန်၊ ဥဇဘက်ကစ္စတန် နှစ်နိုင်ငံတို့နှင့် အတူ ရထားလမ်းဖောက်လုပ်ရေး စတင်ရန် အတွက် ပြင်ဆင်မှုလုပ်ငန်းများကို ကောင်းမွန်စွာ ဆောင်ရွက်ပြီး ၃ နိုင်ငံနှင့် ၃ နိုင်ငံ ပြည်သူများအား အကျိုးရရှိစေနိုင်ပြီး ဒေသတွင်း စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်မှုကို ပံ့ပိုးပေးနိုင်သော ယင်းမဟာဗျူဟာမြောက် လမ်းကြောင်းကို ဆောလျင်စွာ ဖောက်လုပ်ပြီးစီးရန် ကြိုးပမ်း ဆောင်ရွက်လိုကြောင်း ပြောကြားခဲ့ပါသည်။