မင်္ဂလာ . မျှော်လင့်ခြင်းလယ်ယာမြေ ။ ။ ပခုံးထမ်းရောင်းခြင်းမှ “ငရုတ်သီးဘုရင်မ”ဖြစ်လာသည့် ကောင်းရှန့်ချိုးသည် အသင်းသားများကို ဦးဆောင်ကာ ကြွယ်ဝချမ်းသာလာစေခြင်း
ငရုတ်သီးလိုက်သိမ်းသည့် “ပခုံးထမ်းအရောင်းသမား”မှ ရွာသူရွာသားများကို ဦးဆောင်ကာ ငရုတ်သီးစိုက်ပျိုး၍ ကြွယ်ဝချမ်းသာလာစေသည့် သမဝါယမအသင်း ဥက္ကဋ္ဌ ဖြစ်သည့် ဟေးလုံကျန်းပြည်နယ် ဟိုင်လွင်မြို့ ရှန့်ချိုးဟင်းသီးဟင်းရွက်စိုက်ပျိုးရေး တောင်သူလယ်သမား ကျွမ်းကျင်သမဝါယမအသင်း ဥက္ကဋ္ဌ ကောင်းရှန့်ချိုးသည် ဒေသတွင်းတွင် လွန်စွာနာမည်ကျော်ကြားသည့် “ငရုတ်သီးဘုရင်မ”ဖြစ်ပါသည်။၂၀၀၄ ခုနှစ်သည် ကောင်းရှန့်ချိုးနှင့် ခင်ပွန်းဖြစ်သူတို့ လက်ထပ်ပြီးခါစအချိန် ဖြစ်ပါသည်။ ကောင်းရှန့်ချိုးတို့ မိသားစုသည် ဝင်ငွေကောင်းမွန်ခြင်းမရှိသဖြင့် လယ်ယာမြေအားလုံးတွင် ငရုတ်သီးများ စိုက်ပျိုးခဲ့ပါသည်။ ရိတ်သိမ်းချိန်တွင် ရောင်းလမ်းရှာမရသဖြင့် အခက်ကြုံခဲ့ရပါသည်။ နောင်တွင် အဝယ်တော်မှ ပြောပြသည့် ၎င်းတို့ ဝယ်ယူသွားသော ငရုတ်သီးများကို ရှန်းတုန်းပြည်နယ် ရှို့ကွမ်းဈေးသို့ ပို့ဆောင်ကြောင်း သိရှိရသောအခါ သူမတွင် အကြံဉာဏ်တစ်ခု ပေါ်လာခဲ့ပါသည်။ “သူများ လာမဝယ်ရင် ကျွန်မကိုယ်တိုင်သယ်ပြီး သွားရောင်းမယ်။” အပြောနှင့် အလုပ်တစ်ထပ်တည်းကျသူဖြစ်သဖြင့် ကောင်းရှန့်ချိုးသည် တစ်ရွာတည်းသားများနှင့်အတူ ကွန်တိန်နာ တစ်စီးစာ ငရုတ်သီးများတင်၍ ရှို့ကွမ်းသို့ ထွက်လာခဲ့ပါသည်။
ရှို့ကွမ်းဈေးသို့ ရောက်ရှိသည့်နေ့တွင် ဈေးအတွင်း၌ ငရုတ်သီးမရှိသဖြင့် တစ်စီးလုံးစာ ငရုတ်သီးများ အကုန်ရောင်းနိုင်ခဲ့ပြီး ယွမ် ၂ သောင်းကျော် ရရှိခဲ့ပါသည်။ “ဒါက ကျွန်မငရုတ်သီးစိုက်ပြီး ပထမဆုံးရတဲ့ ငွေပေါ့။” ယခုပြန်တွေးကြည့်ချိန်တွင်ပင် ကောင်းရှန့်ချိုးသည် စိတ်လှုပ်ရှားနေဆဲပင် ဖြစ်ပါသည်။
တစ်နှစ်တာ ပူးပေါင်းဆောင်ရွက်လာပြီးနောက် ရှို့ကွမ်းမှ အဝယ်တော်သည် သူမ၏ လွန်စွာရိုးသားဖြောင့်မတ်မှုကို မြင်တွေ့ခဲ့သဖြင့် ကောင်းရှန့်ချိုးနှင့် ကာလရှည် ပူးပေါင်းဆောင်ရွက်မှု တည်ထောင်ခဲ့ပါသည်။ ဒေသခံနယ်သူနယ်သားများသည် ကောင်းရှန့်ချိုး ငွေဝင်သည်ကို မြင်လာသဖြင့် သူမနှင့်အတူ လိုက်လုပ်လာကြပါသည်။ “အဲဒီတုန်းက ကျွန်မက ပျိုးပင်အခမဲ့ စိုက်ပေးတာ။ ကျွန်မက ဖန်လုံအိမ်နဲ့ ပျိုးထောင်တာဆိုတော့ ပျိုးထားတဲ့ ပျိုးပင်က ခြံသေးတွေထက်တော့ ကောင်းတာပေါ့။ ကျွန်မမှာ ကျွမ်းကျင်တဲ့ နည်းပညာလမ်းညွှန်မှုလည်း ရှိနေတော့ ဖြည်းဖြည်းချင်း ကျွန်မနဲ့အတူလုပ်တဲ့သူတွေ ပိုပိုများလာတာပေါ့။” ၂၀၁၅ ခုနှစ်တွင် ကောင်းရှန်ချိုးသည် ရှန့်ချိုးဟင်းသီးဟင်းရွက်စိုက်ပျိုးရေး တောင်သူလယ်သမား ကျွမ်းကျင်သမဝါယမအသင်းကို တရားဝင် တည်ထောင်ခဲ့ပါသည်။ တောင်သူလယ်သမားများအား ဟင်းသီးဟင်းရွက်လုပ်ငန်း၏ အကျိုးအမြတ် ခံစားရစေနိုင်ရန်အတွက် ကောင်းရှန့်ချိုးသည် ပျိုးထောင်ခြင်း၊ နည်းပညာ၊ ဝယ်ယူခြင်း တစ်သားတည်းကျ ဝန်ဆောင်မှုကို ဆောင်ရွက်ခဲ့ပါသည်။ လယ်မြေရှယ်ယာဝင်သည့် ပုံစံကို အသုံးပြုကာ ပိုမိုများပြားသော တောင်သူလယ်သမားများ ဟင်းသီးဟင်းရွက်စိုက်ပျိုးရေး သမဝါယမအသင်းသို့ ပါဝင်လာရန် ဆွဲဆောင်ခဲ့ပါသည်။
ကောင်းရှန့်ချိုး၏ ဦးဆောင်မှုအောက်တွင် ယနေ့အခါ၌ ဟင်းသီးဟင်းရွက်လုပ်ငန်းသည် ဟိုင်လွင်မြို့၏ လုပ်ငန်းကြီး ၁၀ ခုထဲမှ တစ်ခုအပါအဝင်ဖြစ်လာပြီး နှစ်စဉ်နှစ်တိုင်း ဆင်းရဲနွမ်းပါးမိသားစုများသည် ဟင်းသီးဟင်းရွက် စိုက်ပျိုးခြင်းဖြင့် ကြွယ်ဝချမ်းသာလာကြပါသည်။
ဆောင်းပါးအရင်းအမြစ် ။ ။ စိုက်ပျိုးရေးသံတော်ဆင့်သတင်းစာ၊ ဟေးလုံကျန်းနေ့စဉ်သတင်းစာ
ဘာသာပြန် ။ ။ ဒေါက်တာထိုက်လွင်ကို
မြန်မာစာတည်းဖြတ်သူ ။ ။ ဘဦး (မြန်မာနိုင်ငံသား)