လျှပ်စစ်မော်တော်ယာဉ်များအား စည်းကြပ်ခွန်သတ်မှတ်မှုနှင့် ပတ်သက်၍ အငြင်းပွားမှုကို တရုတ်နိုင်ငံနှင့် အီးယူအကြား အပြုသဘောဆောင်သည့် ဆွေးနွေးမှုပြုလုပ်ခဲ့ကြောင်း တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြောကြား
တရုတ်နိုင်ငံထုတ် လျှပ်စစ်မော်တော်ယာဉ် (EV) များအား အစိုးရ၏ ထောက်ပံ့မှုနှင့်စပ်လျဉ်း၍ ဥရောပသမဂ္ဂ (အီးယူ) က စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေခြင်းနှင့်ပတ်သက်၍ တရုတ်နိုင်ငံနှင့် အီးယူအကြား ကျယ်ပြန့်နက်နဲ၍ အပြုသဘောဆောင်သည့် ဆွေးနွေးညှိနှိုင်းမှုများကို စက်တင်ဘာ ၁၉ ရက်က ပြုလုပ်ခဲ့ကြောင်း တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဝမ်ဝန်ထောင်နှင့် ဥရောပကော်မရှင် အမှုဆောင်ဒုတိယဥက္ကဋ္ဌနှင့် ကုန်သွယ်ရေးကော်မရှင်နာ ဗားဒစ်စ် ဒွမ်ဘရော့စကီးတို့ တွေ့ဆုံစဉ်အတွင်း ကွဲလွဲမှုများကို ဆွေးနွေးညှိနှိုင်းခြင်းဖြင့် ဖြေရှင်းလိုသည့် နိုင်ငံရေးသဘောဆန္ဒကို နှစ်ဖက်လုံးက ထင်ထင်ရှားရှား ပြသခဲ့သည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။
နှုန်းထားညှိနှိုင်းမှုများနှင့် ပတ်သက်၍ ဆွေးနွေးညှိနှိုင်းမှုများ ဆက်လက်လုပ်ဆောင်ရန်၊ ရင်းနှီးပွင့်လင်းစွာ အပြန်အလှန် ဆွေးနွေးညှိနှိုင်းခြင်းဖြင့် နှစ်ဖက်လုံးကလက်ခံသည့် အဖြေတစ်ခုရရှိရေးအတွက် စဉ်ဆက်မပြတ် ကြိုးပမ်းအားထုတ်ရန်လည်း နှစ်ဖက် သဘောတူညီခဲ့ကြောင်း သိရသည်။
အီးယူအဖွဲ့ထဲမှ စီးပွားရေးလုပ်ငန်းများ၏ တရားဝင်ကန့်ကွက်မှုမရှိသည့်တိုင် ဥရောပကော်မရှင်က အစိုးရထောက်ပံ့မှုအပေါ် ဆန့်ကျင်သည့် စုံစမ်းစစ်ဆေးမှုကို စတင်လုပ်ဆောင်ခဲ့ကာ ချမှတ်ခဲ့သော ဆုံးဖြတ်ချက်များသည်လည်း လုံးဝလိုက်လျောမှုမရှိသကဲ့သို့ ကျိုးကြောင်းဆီလျော်မှုနှင့် မျှတမှုလည်းမရှိကြောင်း တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဆိုသည်။
တရုတ်နိုင်ငံဘက်က ထိုအခြေအနေအား သဘောတူလက်ခံခြင်း မရှိသော်ငြားလည်း ရိုးသားမှုကို အစဉ်တစိုက် အပြည့်အဝထိန်းသိမ်းကာ ယင်းပြဿနာအား အပြန်အလှန်ဆွေးနွေးတိုင်ပင်ခြင်းဖြင့် သင့်တင့်လျောက်ပတ်စွာ ဖြေရှင်းရန် ကြိုးပမ်းအားထုတ်ခဲ့သည်ဟုလည်း ၎င်းဝန်ကြီးဌာနက ပြောကြားခဲ့သည်။
ထိုသို့သော စုံစမ်းစစ်ဆေးမှုအတွင်း တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက နှုန်းထားညှိနှိုင်းရေးဆိုင်ရာ ဖြေရှင်းနည်းကို အဆိုပြုခဲ့ကာ အီးယူ၏ စိုးရိမ်မှုများအပေါ် အခြေခံ၍ ထပ်မံတိုးမြှင့်ပေးခဲ့ကြောင်း၊ ယင်းသည် တရုတ်နိုင်ငံဘက်က အစွမ်းကုန်လိုက်လျောမှုနှင့် ရိုးသားမှုကို အပြည့်အဝ ပြသနေခြင်းဖြစ်ကြောင်း ၎င်းဝန်ကြီးဌာနက အလေးအနက်ပြောကြားခဲ့သည်။
အီးယူအနေဖြင့် တရုတ်နိုင်ငံ၊ ပြင်သစ်နိုင်ငံနှင့် အီးယူ ခေါင်းဆောင်များအကြား ရရှိထားသော အရေးပါသည့် ဘုံသဘောတူညီချက်အား အကောင်အထည်ဖော်ရန်၊ စီးပွားရေးနှင့် ကုန်သွယ်ရေးဆိုင်ရာ သဘောထားကွဲလွဲမှုများကို အပြန်အလှန် ဆွေးနွေးညှိနှိုင်းခြင်းဖြင့် သင့်တင့်လျောက်ပတ်စွာ ကိုင်တွယ်ဖြေရှင်းရန်၊ တရုတ်နိုင်ငံနှင့် တွေ့ဆုံရန်အတွက် ကြိုတင်ဆောင်ရွက်မှုများ လုပ်ဆောင်ရန် တိုက်တွန်းကြောင်းလည်း တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အီးယူအနေဖြင့် ကျိုးကြောင်းဆီလျော်မှုမရှိသည့် စည်းကြပ်ခွန်သတ်မှတ်မှုများအား အကောင်အထည်ဖော်ရေးကို မရမကလုပ်ဆောင်မည်ဆိုလျှင် တရုတ်ပြည်တွင်းစီးပွားရေးလုပ်ငန်းများ၏ အကျိုးစီးပွားနှင့် တရားဝင်အခွင့်အရေးများကို ကာကွယ်ရန် လိုအပ်သည့် အစီအမံများကို ပြတ်ပြတ်သားသား လုပ်ဆောင်သွားမည်ဟုလည်း တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက သတိပေးခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် ကုန်သွယ်ရေးဆိုင်ရာ ကုစားရေးအစီအမံများကို အသုံးပြုရာတွင် ချင့်ချင့်ချိန်ချိန်နှင့် ထိန်းထိန်းသိမ်းသိမ်းလုပ်ဆောင်ခြင်းကိုသာ အမြဲတစေ ကျင့်သုံးခဲ့သည်ကိုလည်း တရုတ်နိုင်ငံက ထင်ထင်ရှားရှားပြသခဲ့ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။
“တရုတ်နိုင်ငံအနေနဲ့ ခိုင်လုံမှုရှိတဲ့ တောင်းဆိုချက်တွေနဲ့ ပြည်တွင်းစီးပွားရေးလုပ်ငန်းတွေရဲ့ တရားဝင်ရပိုင်ခွင့်တွေကို ကာကွယ်ထိန်းသိမ်းဖို့ တာဝန်ရှိပါတယ်” ဟုလည်း ကြေညာချက်တွင် ဖော်ပြထားသည်။ နှစ်ဖက်အကြား အခြားသော ကုန်သွယ်ရေးနှင့် စီးပွားရေးကိစ္စရပ်များကိုလည်း အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြောင်း သိရသည်။ (Xinhua)